နိုဝင်ဘာ ၃ ရက်နေ့ အမေရိကန်ရွေးကောက်ပွဲရလဒ်က လူတိုင်းအတွက် အရေးကြီးတဲ့ကိစ္စရပ် ဖြစ်လာမှာပါ။

အမေရိကန်သမ္မတဟာ ပြည်တွင်းနဲ့ ပြည်ပ နှစ်ခုလုံးမှာ လူတွေရဲ့ရှင်သန်နေထိုင်မှုအပေါ် ကြီးမားတဲ့ ဩဇာလွှမ်းမိုးမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ထို့ကြောင့်လည်း နိုဝင်ဘာ ၃ ရက်နေ့ အမေရိကန်ရွေးကောက်ပွဲရလဒ်က လူတိုင်းအတွက် အရေးကြီးတဲ့ကိစ္စရပ် ဖြစ်လာမှာပါ။ 

ပါတီကြီးနှစ်ခု၊ ကိုယ်စားလှယ်လောင်းနှစ်ဦး

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးစနစ်မှာ အဓိကပါတီကြီး နှစ်ခုဖြစ်တဲ့ ရီပတ်ဘလစ်ကင်ပါတီ (Republican Party သို့မဟုတ် Grand Old Party - GOP လို့လည်း သိထားကြပါတယ်) နဲ့ ဒီမိုကရက်တစ်ပါတီ (Democratic Party) တို့ကသာ ကြီးစိုးထားတာဖြစ်တာကြောင့် သမ္မတဟာ ထိုပါတီတွေမှပဲ အမြဲတမ်း ဖြစ်နေခဲ့ပါတယ်။



အမေရိကန်မှာ ရီပတ်ဘလစ်ကင်တို့က ကွန်ဆာဗေးတစ် (conservative) နိုင်ငံရေးပါတီဖြစ်ပြီး ယခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် လက်ရှိသမ္မတ ဒေါ်နယ်ထရန့်က ယှဥ်ပြိုင်တာဖြစ်ပါတယ်။ ထရန့်က နောက်ထပ်လေးနှစ် သမ္မတသက်တမ်းကို ဆက်လက် ဆောင်ရွက်နိုင်ရန် မျှော်လင့်ထားပါတယ်။

ဒီမိုကရက်တို့က လစ်ဘရယ် (liberal) နိုင်ငံရေးပါတီဖြစ်ပြီး ၎င်းတို့ရဲ့ သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် ဂျိုးဘိုင်ဒန်ကို ရွေးချယ်ထားခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်ဟာ သမ္မတဘာရတ်အိုဘားမားလက်ထက်မှာ ဒုတိယသမ္မတအဖြစ် ၈ နှစ်ကြာ တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ ထရန့်နဲ့ ဘိုင်ဒန်တို့ နှစ်ဦးလုံးဟာ အသက် ၇၀ ကျော်အရွယ်တွေ ဖြစ်ကြပါတယ်။

ထရန့်ဟာ ယခုနှစ်ရွေးကောက်ပွဲအနိုင်ရပြီး သမ္မတအဖြစ် ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်ရပါက အသက် ၇၄ နှစ်အရွယ် ဖြစ်နေပါမယ်။ ဘိုင်ဒန်ကတော့ ရွေးကောက်ပွဲအနိုင်ရပြီး သမ္မတဖြစ်လာပါက အသက် ၇၈ နှစ်အရွယ်ဖြင့် အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတအဖြစ် မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။ 

သမ္မတရွေးကောက်ပွဲအနိုင်ရသူကို ဘယ်လိုဆုံးဖြတ်သလဲ?

အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ အရေးပါတဲ့ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (electoral college) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပါတယ်။ ပြည်နယ်တစ်ခုချင်းစီးမှာ လူဦးရေအပေါ်မူတည်ပြီး ကိုယ်စားလှယ်အဖွဲ့ရဲ့ ထောက်ခံမဲအရေအတွက် သတ်မှတ်ထားပြီး စုစုပေါင်း မဲအရေအတွက် ၅၃၈ မဲ ဖြစ်ပါတယ်။ ထိုမဲများအနက်မှ ထောက်ခံမဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ အရေအတွက်ရရှိတဲ့ ကိုယ်စားလှယ်လောင်းက သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပါတယ်။ အဆိုပါစနစ်အရ မဲဆန္ဒရှင်တွေဟာ နိုင်ငံအဆင့်ထက် ပြည်နယ်အဆင့် ရွေးကောက်ပွဲတွေကို အနိုင်အရှုံး ဆုံးဖြတ်ပါတယ်။

ထို့ကြောင့် သမ္မတရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတစ်ဦးဟာ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှု သို့မဟုတ် လူကြိုက်များမှု မရှိပေမဲ့လည်း နိုင်ငံအဆင့် ထောက်ခံမဲအများစု သို့မဟုတ် electroal college ရဲ့ မဲအများစုကို ရရှိနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်ဟာ လူကြိုက်များခဲ့ပေမဲ့ မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (electoral college) ရဲ့ ထောက်ခံမဲအရေအတွက် ၂၂၇ မဲသာရရှိခဲ့ပြီး ထောက်ခံမဲ ၃၀၄ မဲရရှိခဲ့တဲ့ ထရန့်ကို ရှုံးနိမ့်ခဲ့ပါတယ်။

တစ်နည်းအားဖြင့် အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းဟာ electroal college မဲအရေအတွက်ပိုများတဲ့ ဖလော်ရီဒါ၊ နယူးယော့ခ်၊ တက္ကဆက်၊ ကယ်လီဖိုးနီးယားကဲ့သို့ ပြည်နယ်တွေမှာ ထောက်ခံမဲများပြီး အနိုင်ရရှိရန် လိုအပ်တယ်လို့ ဆိုနိုင်ပါတယ်။ ထုံးစံအရ electroal college မဲတွေဟာ လူကြိုက်များတဲ့ မဲပေးရွေးချယ်မှုကို ထင်ဟပ်ကိုက်ညီပါတယ်။

သို့သော် ထရန့် အနိုင်ရခဲ့တဲ့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲအပါအဝင် နောက်ဆုံးကျင်းပပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲ ငါးခုအနက် နှစ်ခုမှာတော့ လူကြိုက်များမှုနဲ့ မကိုက်ညီခဲ့ဘူးလို့ ဆိုပါတယ်။ အမေရိကန်ရွေးကောက်ပွဲစနစ်အရ ပြည်နယ်နှစ်ခုမှာသာ 'နိုင်သူအကုန်ယူစနစ်' ခေါ် မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမဲဖြင့် ဆုံးဖြတ်ပြီး ကျန်ပြည်နယ်အားလုံးမှာ မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (electoral college) ရဲ့ ထောက်ခံမဲဖြင့် ဆုံးဖြတ်ပါတယ်။ 

'နိုင်သူအကုန်ယူ' စည်းမျဥ်းအသုံးပြုတဲ့ ပြည်နယ်နှစ်ခုမှာတော့ ပြည်သူလူထုထောက်ခံမဲ အများဆုံးရရှိသူကို ထိုပြည်နယ်ရဲ့ electoral college မဲအားလုံး ပေးလိုက်တာဖြစ်ပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဖလော်ရီဒါနဲ့ အိုင်ဟိုင်းအိုပြည်တို့ အပါအဝင် အစဥ်အလာအားဖြင့် အကြိတ်အနယ်ယှဥ်ပြိုင်ရတဲ့ ပြည်နယ်တွေရှိပြီး 'battleground states' လို့ သုံးနှုန်းခေါ်ဝေါ်ကြပါတယ်။

ဘယ်သူတွေ မဲပေးနိုင်ပြီး ဘယ်လို မဲပေးကြသလဲ?

လေးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်တဲ့ သမ္မတရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်နဲ့အထက် အမေရိကန်နိုင်ငံသားတိုင်း မဲပေးခွင့်ရှိပါတယ်။ သို့သော် ပြည်နယ်အများအပြားကတော့ မဲဆန္ဒရှင်တွေဟာ မဲမပေးမီမှာ ၎င်းတို့ရဲ့ အချက်အလက်ကို အတည်ပြုနိုင်ရန် လိုအပ်တဲ့ စာရွက်စာတမ်းများ တင်ပြရတဲ့ ဥပဒေများကို ပြဌာန်းထားကြပါတယ်။ ထိုဥပဒေတွေကို ရီပတ်ဘလစ်ကင်တို့က မကြာခဏ တင်သွင်းလေ့ရှိပြီး မဲမသမာမှုကို စောင့်ကြည့်ကန့်ကွက်ရန် လိုအပ်တဲ့ဥပဒေတွေ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီမိုကရက်တစ်တို့ကတော့ ထိုဥပဒေဟာ ကားမောင်းလိုင်စင်ကဲ့သို့ သက်သေခံကတ်ပြား မတင်ပြနိုင်တဲ့ ဆင်းရဲသားတွေ၊ လူနည်းစု မဲဆန္ဒရှင်တွေကို ဖိနှိပ်ရာရောက်ကြောင်း ပြောဆိုကြပါတယ်။ ယခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ မဲပေးမှုပုံစံကတော့ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေတာကြောင့် အငြင်းပွားစရာတစ်ခု ဖြစ်နေခဲ့ပါတယ်။

နိုင်ငံရေးသမားအချို့က စာတိုက်မှတစ်ဆင့် မဲပေးတဲ့စနစ်ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် တိုက်တွန်းထားပါတယ်။ သို့သော် သမ္မတထရန့်ကတော့ စာတိုက်မှတစ်ဆင့် မဲပေးခြင်းဟာ မဲမသမာမှု ပိုဖြစ်စေနိုင်တယ်လို့ အလွန်နည်းပါးတဲ့ အထောက်အထားနဲ့အတူ ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲက သမ္မတရွေးချယ်မှုအတွက်ပဲလား?

အမေရိကန်ရွေးကောက်ပွဲမှာ အာရုံစိုက်မှုဟာ ထရန်နဲ့ ဘိုင်ဒန် သမ္မတနေရာအတွက် ယှဥ်ပြိုင်မှုကိုသာမဟုတ်ဘဲ မဲဆန္ဒရှင်တွေက ကွန်ဂရက်လွှတ်တော်အမတ်တွေကိုလည်း ရွေးချယ်ကြရတာ ဖြစ်ပါတယ်။ အမေရိကန်မှာ ဒီမိုကရက်တွေက United States House of Representatives (အောက်လွှတ်တော်) ကို ထိန်းချုပ်ထားပြီးဖြစ်ရာ ဆက်လက်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းကြမှာဖြစ်ပြီး Senate (အထက်လွှတ်တော်) ကိုလည်း ထိန်းချုပ်ရန် ကြိုးပမ်းကြမှာပါ။

ဒီမိုကရက်တို့ဟာ လွှတ်တော်နှစ်ရပ်လုံးမှာ အမတ်နေရာအများစုကို ရရှိခဲ့ထားခဲ့လျှင် ထရန့် ပြန်လည်ရွေးကောက်ခံရပါက ၎င်းရဲ့အစီအစဥ်တွေကို တားဆီးပိတ်ပင်ရန် သို့မဟုတ် နှောင့်နှေးကြန့်ကြစေရန် လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ ယခုနှစ်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်ရဲ့ အမတ်နေရာ ၄၃၅ နေရာလုံးအတွက် မဲပေးရွေးချယ်ရမှာဖြစ်ပြီး အထက်လွှတ်တော်ရဲ့ အမတ်နေရာ ၃၃ နေရာကိုလည်း ရွေးချယ်ရမယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲရလဒ်တွေကို ဘယ်အချိန်မှာ သိလာနိုင်မလဲ?

အမေရိကန်ရွေးကောက်ပွဲ မဲလက်မှတ်အားလုံးကို ရေတွက်ပြီးစီးရန် ရက်အနည်းငယ်ကြာနိုင်ပါတယ်။ သို့သော် ပုံမှန်အားဖြင့် ရွေးကောက်ပွဲနေ့ မနက်အစောပိုင်းမှာပင် မည်သူက အနိုင်ရရှိကြောင်းကို အတိအကျ သိရလေ့ရှိပါတယ်။ ထရန့်ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့စဥ်က ဒေသစံတော်ချိန် မနက် ၃ နာရီခန့်အချိန် နယူးယော့ခ်မှာ ထောက်ခံသူများကို ၎င်းရဲ့အောင်ပွဲခံမိန့်ခွန်း ပြောခဲ့ပါတယ်။

သို့သော် ယခုနှစ်မှာတော့ စာတိုက်မှတစ်ဆင့် မဲပေးမှုတွေ မြင့်တက်လာမယ်လို့ ခန့်မှန်းထားခဲ့ရာ ရွေးကောက်ပွဲရလဒ်ကို သိရှိနိုင်ရန် ရက်ပိုင်းအကြာ၊ သီတင်းပတ်အကြာပင် စောင့်ဆိုင်းရတာလည်း ဖြစ်နိုင်ကြောင်း တာဝန်ရှိသူတွေက ပြောထားပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်ကို နာရီအနည်းငယ်အတွင်း အတိအကျ မသိနိုင်ခဲ့တဲ့ဖြစ်ရပ်မျိုး ၂၀၀၀ ပြည့်နှစ်မှာ ကြုံခဲ့ရဖူးပါတယ်။ ထိုစဥ်က ရွေးကောက်ပွဲအပြီး တစ်လကြာမှသာ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဖြင့် ရွေးကေက်ပွဲရလဒ်ကို အတိအကျ သိရှိနိုင်ခဲ့ပါတယ်။ ထိုရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်မှ ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်က အနိုင်ရခဲ့ပါတယ်။

ရွေးကောက်ပွဲအနိုင်ရသူက ဘယ်အချိန်မှာ သမ္မတအဖြစ် တာဝန်ယူမလဲ?

အကယ်၍ ဂျိုးဘိုင်ဒန် အနိုင်ရခဲ့ပါက သမ္မတထရန့်နေရာကို ချက်ချင်း အစားထိုးမှာ မဟုတ်သေးဘဲ အာဏာလွှဲပြောင်းရေး အကူးအပြောင်းကာလအတွင်း သမ္မတသစ်က အစိုးရအဖွဲ့ဝင် ဝန်ကြီးများခန့်အပ်မှုနဲ့ အစီအစဥ်များ လုပ်ဆောင်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရတဲ့ သမ္မတသစ်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ တရားဝင် ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားတစ်ရပ်ဖြင့် သမ္မတအဖြစ် စတင်တာဝန်ယူပါတယ်။ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားကို ဝါရှင်တန်ဒီစီရှိ လွှတ်တော်အဆောက်အအုံမှာ ကျင်းပပြုလုပ်ပါတယ်။ ကျမ်းသစ္စာကျန်ဆိုတဲ့ အခမ်းအနားအပြီးမှာတော့ လေးနှစ်ကြာ သမ္မတသက်တမ်းကို စတင်ရန် သမ္မတသစ်က အိမ်ဖြူတော်သို့ရောက်ရှိမှာ ဖြစ်ပါတယ်။

Ref., Photo and Image: BBC, AFP, Getty Images

Share

Loading Next Article...
က္က