ငလျင်လှုပ်မှုနဲ့အတူ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခဲ့ပြီး Izmir မြို့မှာ ရေကြီးမှုဖြစ်ပေါ်ခဲ့ပါတယ်။

တူရကီနဲ့ဂရိ နိုင်ငံတွေရဲ့ ကမ်းလွန်ပင်လယ်ထဲမှာ ရစ်ချ်တာစကေး ၇.၀ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု ယနေ့ (အောက်တိုဘာ ၃၀ ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၃၉ ဦး သေဆုံးပြီး ၉၀၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(Photo: Tuncay Dersinlioglu/Reuters)

ငလျင်ဟာ တူရကီနိုင်ငံ Izmir မြို့ ကမ်းလွန်၊ ဂရိနိုင်ငံရဲ့ Samos ကျွန်းမြောက်ဘက်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန် ဘူမိဗေဒဆိုင်ရာဌာနဝက်ဘ်ဆိုက် United States Geological Survey (USGS) က ငလျင်ရဲ့ပြင်းအားကို ရစ်ချ်တာစကေး ၇.၀ လို့ ဖော်ပြထားပြီး တူရကီနိုင်ငံရဲ့ Disaster and Emergency Management Presidency (AFAD) ကတော့ ၆.၆ လို့ ဆိုပါတယ်။



ငလျင်ကြောင့် Izmir မြို့မှာ အဆောက်အအုံ အလုံး ၂၀ ခန့် ပြိုကျခဲ့ပါတယ်။ ငလျင်လှုပ်မှုကြောင့် Izmir မြို့နဲ့ ဂရိနိုင်ငံရဲ့ Samos ဆိပ်ကမ်းမှာ သေးငယ်တဲ့ ဆူနာမီရေလှိုင်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ငလျင်လှုပ်မှုကို ဗဟိုချက်နေရာနဲ့ ဝေးကွာတဲ့ ဂရိနိုင်ငံ အေသင်မြို့နဲ့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တို့မှာလည်း သိရှိခံစားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Tuncay Dersinlioglu/Reuters)

ငလျင်ဟာ ပင်လယ်ကြမ်းပြင် မြေအောက်အနက် ၆ မိုင်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့တယ်လို့ USGS က ဖော်ပြပြီး တူရကီအစိုးရတာဝန်ရှိသူတွေကတော့ မြေအောက်အနက် ၉.၉ မိုင် နေရာမှာ လှုပ်ခဲ့တယ်လို့ ပြောပါတယ်။ တူရကီနဲ့ဂရိ နှစ်နိုင်ငံလုံးဟာ ကမ္ဘာ့မြေလွှာ ပြတ်ရွေ့ကြောင်းပေါ်မှာ တည်ရှိနေကြပြီး ငလျင်လှုပ်မှုတွေ ဖြစ်လေ့ရှိပါတယ်။

တူရကီရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ Izmir မြို့မှာ ငလျင်လှုပ်မှုကြောင့် လူအများအပြား လမ်းမတွေပေါ်သို့ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။ ငလျင်လှုပ်မှုနဲ့အတူ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခဲ့ပြီး Izmir မြို့မှာ ရေကြီးမှုဖြစ်ပေါ်ခဲ့ကြောင်းနဲ့ ငါးဖမ်းသမားအချို့ ပျောက်ဆုံးနေတဲ့ သတင်းလည်း ထွက်ပေါ်နေခဲ့ပါတယ်။

(Photo: Tuncay Dersinlioglu/Reuters)

ဂရိနိုင်ငံမှာလည်း ငလျင်ကြောင့် Samos ဆိပ်ကမ်းမှာ သေးငယ်တဲ့ ဆူနာမီရေလှိုင်းတက်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး အဆောက်အအုံ အများအပြား ပြိုကျခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်းပေါ်မှာ နေထိုင်ကြသူတွေကို ကမ်းရိုးတန်းနေရာနဲ့ အဝေးမှာနေကြရန် တိုက်တွန်းထားပါတယ်။ ယနေ့ ငလျင်လှုပ်မှုကို ဂရိနိုင်ငံရဲ့ Crete ကျွန်းမှာလည်း ခံစားသိရှိခဲ့တယ်လို့ သတင်းတွေက ပြောပါတယ်။

ဆိုရှယ်မီဒီယာ ဗီဒီယိုတွေအရ တူရကီနဲ့ဂရိ နှစ်နိုင်ငံလုံးမှာ ပြိုကျခဲတဲ့ အဆောက်အအုံ အပျက်အစီးများအတွင်း ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း တူရကီနိုင်ငံအရှေ့ပိုင်း Elazig ပြည်နယ်ရှိ Sivirce မြို့မှာ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၃၀ ဦး သေဆုံးပြီး ၁,၆၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

(Photo: AFP)

၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းမှာတော့ ဂရိနိုင်ငံ အေသင်မြို့တော်မှာ ငလျင်လှုပ်မှုဖြစ်ပွားခဲ့ရာ မြို့ရဲ့ နေရာအများအပြား လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်အတွင်း တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့အနီးရှိ Izmit မြို့မှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှုကြောင့် လူ ၁၈,၀၀၀ ခန့် သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

ငလျင်လှုပ်မှုကြောင့် Izmir မြို့မှာ အဆောက်အအုံပြိုကျမှု မှတ်တမ်းဗီဒီယို

Source: CNN, The Guardian, BBC

နောက်ဆက်တွဲသတင်းအရ ငလျင်ကြောင့် သေဆုံးသူ ၆၀ ဦးထက်မနည်း ရှိလာကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က