ခရစ်ယာန်ဘုန်းတော်ကြီးဟာ ဝမ်းဗိုက်ပိုင်းကို သေနတ်ဖြင့် နှစ်ကြိမ်အပစ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလအတွင်း ဓားဖြင့်အကြမ်းဖက်တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့ ပြင်သစ်နိုင်ငံမှာ စနေနေ့ (အောက်တိုဘာ ၃၁ ရက်) က အော်သို‌‌‌‌ဒေါ့ ခရစ်ယာန်ဘုန်းတော်ကြီး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ခရစ်ယာန်ဘုန်းတော်ကြီး)

အောက်တိုဘာ ၃၁ ရက်နေ့ ပစ်ခတ်မှုဟာ ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့မှာ ဖြစ်ပွားခဲ့ပြီး ခရစ်ယာဘုန်းတော်ကြီး သေနတ်ဒဏ်ရာ ပြင်းထန်စွာရခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဘုန်းတော်ကြီးဟာ ဝမ်းဗိုက်ပိုင်းကို သေနတ်ဖြင့် နှစ်ကြိမ်အပစ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ခရစ်ယာန်ဘုန်းတော်ကြီးကို ပစ်ခတ်ခဲ့ကြောင်း သံသယရှိသူကို မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ ပုံဖော်ခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့ပါတယ်။



လက်ရှိမှာတော့ ထိုသံသယရှိသူဟာ ပစ်ခတ်မှုကျူးလွန်ခဲ့သူဟုတ် မဟုတ် တာဝန်ရှိသူတွေက အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ ခရစ်ယာန်ဘုန်းတော်ကြီးကို ပစ်ခတ်ခဲ့မှု အကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး။ အောက်တိုဘာ ၂၉ ရက်နေ့က ပြင်သစ်တောင်ပိုင်း နိစ်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ လူသုံးဦး သေဆုံးခဲ့တဲ့ ဓားဖြင့်အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းမျှအကြာမှာ ယခုပစ်ခတ်မှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: AFP/Getty Images)

ဒါ့အပြင် အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ပါရီမြို့ အနောက်မြောက်ဘက် ဆင်ခြေဖုံးနေရာတစ်ခုမှာ ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်အသတ်ခံရတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ထိုဖြစ်ရပ်နှစ်ခုဟာ အစ္စလာမ်မစ်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ပြောထားခဲ့ပါတယ်။

လိုင်ယွန်မြို့မှာ ပစ်ခတ်မှုဟာ အောက်တိုဘာ ၃၁ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ တိုက်ခိုက်သူက ခရစ်ယာန်ဘုန်းတော်ကြီးကို ပြောင်းတိုသေနတ်တစ်လက်ဖြင့် ပစ်ခတ်ခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာသို့ လုံခြုံရေးတပ်ဖွဲ့နဲ့ အရေးပေါ်ဝန်ထမ်းများ ရောက်ရှိနေခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောခဲ့ပြီး အများပြည်သူအနေနဲ့ ထိုနေရာကို ရှောင်ရှားကြရန် တိုက်တွန်းထားပါတယ်။

(Photo: Cecile Mantovani/Reuters)

ပစ်ခတ်မှုကို မျက်မြင်တွေ့ရှိခဲ့သူတွေရဲ့ ပြောပြချက်အရ ပုံဖော်ခဲ့ပြီးနောက် သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားကြောင်း အောက်တိုဘာ ၃၁ ရက် ညပိုင်းမှာ လိုင်ယွန်မြို့ရဲ့ အစိုးရရှေ့နေ Nicolas Jacquet က ထုတ်ပြန်ခဲ့ရာမှာ ပြောခဲ့ပါတယ်။ သံသယရှိသူကို ဖမ်းဆီးခဲ့စဥ် ၎င်းထံမှာ လက်နက်မရှိခဲ့ကြောင်း အစိုးရရှေ့နေက ဆိုပါတယ်။ စုံစမ်းစစ်ဆေးရေးမှူးတွေက အဆိုပါ သံသယရှိသူကို မည်သူဖြစ်ကြောင်း သိရှိနိုင်ရန် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

"ဒီအဆင့်မှာတော့ အခု တိုက်ခိုက်မှုရဲ့ အကြောင်းရင်းကို မသိသေးပါဘူး" လို့ လိုင်ယွန်မြို့တော်ဝန် Gregory Doucet က အစောပိုင်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ သေနတ်ဖြင့်ပစ်ခတ်ခံရတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးဟာ အသက် ၄၅ နှစ်အရွယ် ကလေးနှစ်ဦးရဲ့ဖခင် ဂရိနိုင်ငံသား Nikolas Kakavelakis ဖြစ်ကြောင်း တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။ ၎င်းရဲ့ သေနတ်ဒဏ်ရာဟာ ပြင်းထန်ပြီး စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။ 

(Photo: AFP/Getty Images)

ပြင်သစ်နိုင်ငံမှာ ၂၀၁၅ ခုနှစ်က နာမည်ကြီး ကာတွန်းဆရာများ အပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့တဲ့ Charlie Hebdo သရော်စာမဂ္ဂဇင်းတိုက် အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း အစ္စလာမ်မစ်အကြမ််းဖက်မှုတွေ ဆက်တိုက် ဖြစ်ပွားနေခဲ့ပါတယ်။ Charlie Hebdo မဂ္ဂဇင်းက အစ္စလာမ်တို့ရဲ့ တမန်တော်မိုဟာမက်ကို သရော်ထားတဲ့ ကာတွန်းပုံကို ဖော်ပြခဲ့ပြီးနောက် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့က နိစ်မြို့မှာ ပြင်သစ်အမျိုးသားနေ့ (Bastille Day) အထိမ်းအမှတ် မီးရှူးမီးပန်းပစ်ဖောက်မှုတွေကို စုရုံးကြည့်ရှုနေတဲ့ လူအုပ်စုအတွင်း အသက် ၃၁ နှစ်အရွယ် တူနီးရှားအမျိုးသားတစ်ဦးက ထရပ်ကားဖြင့် ဝင်တိုက်ခဲ့မှုကြောင့် လူ ၈၆ ဦး သေဆုံးခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

(နောက်ဆက်တွဲသတင်းအရ လိုင်ယွန်ပစ်ခတ်မှုမှာ သံသယရှိသူအဖြစ် ဖမ်းဆီးထားသူကို ပစ်ခတ်မှုနဲ့ ပတ်သက်ကြောင်း သက်သေအထောက်အထားမရှိတာကြောင့် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က