အမေရိကန်ရွေးကောက်ပွဲမှာ ပထမဆုံး မဲပေးခဲ့ကြတဲ့ ရွာငယ်နှစ်ခုမှ မဲရလဒ်များ ထွက်ပေါ်လာခဲ့ပါတယ်။

အမေရိကန်ရွေးကောက်ပွဲမှာ ပထမဆုံး မဲပေးခဲ့ကြတဲ့ နယူးဟမ့်ရှိုင်းယားပြည်နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ မဲလက်မှတ်များကို ရေတွက်ပြီးစီးခဲ့ပြီး မဲရလဒ်ထုတ်ပြန်ခဲ့ရာ ဒေါ်နယ်ထရန့်နဲ့ ဂျိုးဘိုင်ဒန်တို့ တစ်ရွာစီမှာ အနိုင်ရခဲ့ကြပါတယ်။

(Photo: CBS News)

နယူးဟမ့်ရှိုင်းယားပြည်နယ်မှ Dixville Notch နဲ့ Millsfield ကျေးရွာငယ်နှစ်ခုမှာ နိုဝင်ဘာ ၂ ရက် ညသန်းခေါင်မှစပြီး မဲရုံတွေ ဖွင့်လှစ်ခဲ့ပါတယ်။ ထိုရွာငယ်နှစ်ခုရဲ့ မဲတွေကို ရေတွက်ခဲ့ပြီးနောက် အမေရိကန်ရွေးကောက်ပွဲနေ့ဖြစ်တဲ့ နိုဝင်ဘာ ၃ ရက် မနက်အစောပိုင်းမှာ မဲရလဒ်များ ထုတ်ပြန်ခဲ့ပါတယ်။



အစောဆုံး မဲပေးခဲ့ကြတဲ့ ကျေးရွာငယ်နှစ်ခုမှ မဲရလဒ်တွေအရ Dixville Notch ကျေးရွာမှာ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က မဲငါးမဲလုံးရရှိခဲ့ပြီး အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ထိုကျေးရွာနဲ့ ၁၅ မိုင် အကွာအဝေးရှိ Millsfield ကျေးရွာမှာတော့ ထရန့်က ထောက်ခံမဲ ၁၆ မဲနဲ့ ဂျိုးဘိုင်ဒိုင်က ၅ မဲ ရလဒ်ဖြင့် ထရန့်က အခိုင်အမာ အောင်ပွဲခံခဲ့ပါတယ်။

(Photo: DixvilleVote/Twitter)

ကနေဒါနိုင်ငံ နယ်စပ်အနီး သစ်တောအလယ်မှာရှိတဲ့ Dixville Notch ကျေးရွာလေးဟာ ၁၉၆၀ ခုနှစ်မှပြီး အစဥ်အလာအားဖြင့် အမေရိကန်ရွေးကောက်ပွဲအတွက် ပထမဆုံး မဲပေးတဲ့နေရာ ဖြစ်ပါတယ်။ ထိုကျေးရွာနှစ်ရွာမှ မဲရလဒ်တွေဟာ အံ့ဩစရာမဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲကျင်းပစဥ်ကလည်း Dixville Notch ကျေးရွာမှာ ဟီလာရီကလင်တန်က ထောက်ခံမဲ ၄ မဲ ၂ မဲဖြင့် အနိုင်ရခဲ့ပြီး Millsfield ကျေးရွာမှာတော့ ထရန့်က ၁၆ မဲ ၄ မဲဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ် ရွေးကောက်ပွဲမှာလည်း ထရန့်နဲ့ ပြိုင်ဘက် ဂျိုးဘိုင်ဒန်၂၀၁၆ ခုနှစ်ကအတိုင်းသာ တစ်ရွာချင်းစီမှာ အသီးသီး အနိုင်ရခဲ့ကြပါတယ်။ သို့သော် ရွေးကောက်ပွဲနေ့မတိုင်မီ လူထုသဘောထားစစ်တမ်းတွေအရ နယူးဟမ့်ရှိုင်းယားပြည်နယ်တစ်ခုလုံး အတိုင်းအတာမှာတော့ ဂျိုးဘိုင်ဒန်က လူကြိုက်များမှု ၈ မှတ်နဲ့ ၁၀ မှတ်ကြား အသာရနေခဲ့ပါတယ်။

(Photo: Kalyan/Twitter)

နိုဝင်ဘာ ၃ ရက်နေ့ဟာ သတ်မှတ်ထားတဲ့ အမေရိကန်ရွေးကောက်ပွဲနေ့ဖြစ်ပြီး အမေရိကန်ပြည်သူအများအပြားကတော့ လွန်ခဲ့တဲ့ သီတင်းများအတွင်း စာတိုက်မှတစ်ဆင့် မဲပေးမှုနဲ့ ကြိုတင်မဲပေးမှုတို့ဖြင့် မဲပေးထားခဲ့ကြပြီး ဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါကာလဖြစ်တာကြောင့်လည်း မဲဆန္ဒရှင်များစွာက စာတိုက်မှတစ်ဆင့် မဲပေးမှုနဲ့ ကြိုတင်မဲပေးမှုများကို ပိုမိုလုပ်ဆောင်ခဲ့ကြပြီး ရွေးကောက်ပွဲနေ့မတိုင်မီ လူဦးရေ သန်း ၁၀၀ နီးပါးက မဲပေးထားခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ယခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးသူရာခိုင်နှုန်းဟာ ရာစုနှစ်တစ်ခုကျော်အတွင်း အမြင့်ဆုံးစံချိန်သစ် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ မဲပေးမှုတွေ မြင့်တက်လာခြင်းက ရီပတ်ဘလစ်ကင်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဒီမိုကရက်တစ် ပြိုင်ဘက် ဂျိုးဘိုင်ဒန်တို့ကြား ယှဥ်ပြိုင်မှုအပေါ် မဲဆန္ဒရှင်တွေရဲ့ စိတ်ဝင်စားမှု အလွန်ကြီးမားနေတဲ့ လက္ခဏာလည်းဖြစ်ပါတယ်။

(Photo: Reuters)

ပုံမှန်အားဖြင့် အမေရိကန်ရွေးကောက်ပွဲမှာ မည်သူက အနိုင်ရရှိကြောင်းကို မနက်အစောပိုင်းမှာပင် အတိအကျ သိရလေ့ရှိပါတယ်။ သို့သော် ယခုနှစ်ရွေးကောက်ပွဲမှာတော့ စာတိုက်မှတစ်ဆင့် မဲပေးမှုများစွာရှိခဲ့ရာ ရွေးကောက်ပွဲရလဒ်ကို သိရှိနိုင်ရန် ရက်ပိုင်းအကြာ၊ သီတင်းပတ်အကြာပင် စောင့်ဆိုင်းရတာလည်း ဖြစ်နိုင်ကြောင်း တာဝန်ရှိသူတွေက ပြောထားပါတယ်။

ရွေးကောက်ပွဲအနိုင်ရတဲ့ သမ္မတသစ်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ တရားဝင် ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားတစ်ရပ်ဖြင့် သမ္မတအဖြစ် စတင်တာဝန်ယူပါတယ်။ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားကို ဝါရှင်တန်ဒီစီရှိ လွှတ်တော်အဆောက်အအုံမှာ ကျင်းပပြုလုပ်ပါတယ်။

Share

Loading Next Article...
က္က