Pfizer နဲ့ BioNTech တို့ရဲ့ ကာကွယ်ဆေးသတင်း ထွက်လာပြီးနောက် ရုရှားကလည်း ၎င်းရဲ့ ကာကွယ်ဆေးအကြောင်း ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံထုတ် Sputnik V အမည်ရှိ ကာကွယ်ဆေးက COVID-19 ကို ကာကွယ်ရန် ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (နိုဝင်ဘာ ၉ ရက်) ပြောကြားလိုက်ပါတယ်။

(Photo: Russian Health Ministry/Anadolu)

ပြုလုပ်နေဆဲ စမ်းသပ်မှုတစ်ခုရလဒ်ထက် ကာကွယ်ဆေးထိုးထားတဲ့ အများပြည်သူထံမှ စုစည်းကောက်ယူထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ရုရှားကျန်းမာရေးဝန်ကြီးဌာနက ထိုသို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အစောပိုင်းက အမေရိကန်အခြေစိုက် Pfizer ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီနဲ့ ဂျာမနီ ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ COVID-19 ကို ၉၀ ရာခိုင်နှုန်း‌ကျော် ကာကွယ်ပေးနိုင်ကြောင်း Pfizer က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရုရှားကလည်း ၎င်းတို့ရဲ့ Sputnik V ဆေးအကြောင်း ထုတ်ဖော်ပြောလာခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။



(Photo: Reuters)

Sputnik V ကာကွယ်ဆေးကို လူဦးရေ လူဦးရေ ၄၀,၀၀၀ ကျော်မှာ စမ်းသပ်သွားမယ်လို့ ကာကွယ်ဆေးစီမံကိန်းကို ငွေကြေးထောက်ပံ့ထားတဲ့ Russian National Wealth Fund က ဩဂုတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားခဲ့ပါတယ်။ "ကျွန်မတို့က Sputnik V ကာကွယ်ဆေးထိုးထားခဲ့တဲ့ နိုင်ငံသားတွေမှာ ထိရောက်မှုကို လေ့လာစောင့်ကြည့်ဖို တာဝန်ယူထားပါတယ်" လို့ ရုရှားကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ သုတေသနအဖွဲ့အစည်းမှ ညွှန်ကြားရေးမှူး Oksana Drapkina က ပြောပါတယ်။

"ကျွန်မတို့ရဲ့ လေ့လာစောင့်ကြည့်မှုအရ COVID-19 ကာကွယ်ဖို့အတွက် ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိပါတယ်၊ နောက်ထပ် ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးတစ်မျိုးပေါ်လာတာပါပဲ၊ အားလုံးအတွက်သတင်းကောင်းတစ်ခုပါ" လို့ သူမကဆိုပါတယ်။

(Photo: RDIF)

Sputnik V ကို မော်စကိုမြို့တော်ရှိ Gamaleya National Research Center သုတေသနဌာနနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာတို့က ပူးပေါင်းထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံထားပါက COVID-19 ကို အနည်းဆုံး ၂ နှစ်ကြာ ကာကွယ်နိုင်တယ်လို့ Gamaleya သုတေသနဌာနရဲ့ ညွှန်ကြားရေးမှူး Alexander Gintsburg က ဩဂုတ် ၁၃ ရက်နေ့မှာ ပြောကြားခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။ ရုရှားနိုင်င်ငံဟာ ကမ္ဘာတစ်ဝန်း စတုတ္တမြောက် COVID-19 ကူးစက်မှုအများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁.၇ သန်းကျော်နဲ့ သေဆုံးသူ ၃၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။

(Photo: Alexey Druzhinin/AFP/Getty Images)

နိုဝင်ဘာ ၉ ရက် ထုတ်ပြန်မှုအရ ရုရှားမှာ ကူးစက်ခံရသူ အရေအတွက် နောက်ထပ် ၂၁,၇၉၈ ဦး စံချိန်တင်မြင့်တက်ခဲ့ပြီး အာဏာပိုင်တွေက နယ်မြေဒေသများအတွင်း ကူးစက်မှုထိန်းချုပ်ရန် ပိုမိုတင်းကျပ်တဲ့ အစီအမံများ သတ်မှတ်ဆောင်ရွက်ရေး တောင်းဆိုခဲ့ကြပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာ ကန့်သတ်ချက်တွေ သတ်မှတ်ရန် သို့မဟုတ် တစ်နိုင်ငံလုံး lockdown လုပ်ရန် အစီအစဥ်မရှိကြောင်း ပြောထားခဲ့ပါတယ်။ ထို့သို့ လုပ်ဆောင်မယ့်အစား လိုအပ်ပါက နေရာအလိုက် ပိတ်ပင်ကန့်သတ်ချက် အစီအမံတွေ ထုတ်ပြန်သွားမယ်လို့ ပူတင်ကဆိုပါတယ်။ 

Share

Loading Next Article...
က္က