သမ္မတမဟုတ်တော့တဲ့နောက်ပိုင်း နိုင်ငံရေးသမားနဲ့ ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်ကြီး ထရန့် ဘာတွေဆက်လုပ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဒေါ်နယ်ထရန့်ဟာ လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ၎င်းရဲ့သမ္မတရာထူးကို လွှဲပြောင်းခြင်းမပြုမီအထိ အမေရိကန်သမ္မတအဖြစ် အိမ်ဖြူတော်ရုံးခန်းမှာ ဆက်ရှိနေပါလိမ့်မယ်။

သမ္မတရာထူးကိုလွှဲပြောင်းပေးပြီးနောက်မှာတော့ ထရန့်ဟာ အမေရိကန်သမ္မတဟောင်းတွေရဲ့ အထူးသီးသန့်အဖွဲ့မှာ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ သမ္မတမဟုတ်တော့တဲ့နောက်ပိုင်း နိုင်ငံရေးသမားနဲ့ ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်ကြီး ထရန့် ဘာတွေဆက်လုပ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ အမေရိကန်သမ္မတဟောင်းတွေဟာ ဝင်ငွေကောင်းတဲ့ ဟောပြောသူတွေအဖြစ် ဆောင်ရွက်နိုင်သလို ကိုယ်တိုင်အတွေ့အကြုံကိုလည်း စာအုပ်ရေးသားထုတ်ဝေနိုင်ပါတယ်။



သမ္မတဟောင်းတွေဖြစ်ကြတဲ့ ဂျင်မီကာတာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပြီး ဂျော့ဂျ်ဒဗလျူဘုရှ်ကတော့ ပန်းချီဆွဲနေခဲ့ပါတယ်။ ဒါပေမဲ့ ထရန့်ကတော့ အစဥ်အလာ နိုင်ငံရေးသမားတစ်ဦး မဟုတ်ခဲ့ပါဘူး။ ထရန့်ဟာ အိမ်ဖြူတော်မှ ထွက်ခွာပြီးနောက် ယခင် မြင်တွေ့ခဲ့ရဖူးတဲ့ သမ္မတဟောင်းတွေကဲ့သို့ပင် ပြုမူနေထိုင်သွားမယ်လို့ တွေးထင်လို့မရပါဘူး။

အိမ်ဖြူတော်မှထွက်ခွာပြီးတဲ့နောက် ဖြစ်နိုင်ခြေရှိတဲ့ ထရန့် လုပ်နိုင်တာအချို့ကတော့ -

နောက်တစ်ကြိမ် သမ္မတရွေးကောက်ပွဲဝင်နိုင်ခြင်း

၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး အိမ်ဖြူတော်မှ ထွက်ခွာရခြင်းက ထရန့်ရဲ့ နိုင်ငံရေးရည်မှန်းချက် အဆုံးသတ်မဖြစ်နိုင်ပါဘူး။ ထရန့်က အမေရိကန်ရဲ့ ၂၂ ဦးမြောက်နဲ့ ၂၄ ဦးမြောက် သမ္မတဖြစ်ခဲ့သူ Grover Cleveland ကဲ့သို့ပင် နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်နိုင်ပါသေးတယ်။ အမေရိကန်သမိုင်းမှာ Grover Cleveland က အိမ်ဖြူတော်ကနေ ထွက်ခွာခဲ့ရပြီး နောက်လေးနှစ်အကြာမှာ ပြန်လည်ရောက်ရှိခဲ့တဲ့ တစ်ဦးတည်းသော သမ္မတဖြစ်ပါတယ်။

၎င်းဟာ ၁၈၈၅ ခုနှစ်မှာ သမ္မတဖြစ်ခဲ့ပြီးနောက် ၁၈၉၃ ခုနှစ်မှာ နောက်တစ်ကြိမ် သမ္မတထပ်ဖြစ်ခဲ့သူပါ။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်အထိ ရွေးကောက်ခံခွင့်ပြုထားပါတယ်။ ထိုသမ္မတသက်တမ်းနှစ်ကြိမ်ဟာ ဆက်တိုက်ဖြစ်ရန် မလိုအပ်ဘဲ သက်တမ်းတစ်ခုခြားပြီးမှလည်း နောက်တစ်ကြိမ် ရွေးကောက်ခံနိုင်ပါတယ်။ ၎င်းရဲ့လက်ထောက်ဟောင်းတွေက ထရန့်ဟာ ထိုသို့ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

"၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲဝင်နိုင်မယ့်သူတွေစာရင်းမှာ ကျွန်တော် သူ့ကို သေချာပေါက် ထည့်သွင်းထားပါတယ်" လို့ ထရန့်ရဲ့ ဝန်ထမ်းရေးရာအကြီးအကဲ Mick Mulvaney က လတ်တလော ပြောခဲ့ပါတယ်။ ထရန့်ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေနဲ့ အောင်နိုင်ရေးပွဲတွေလုပ်ရတာကို နှစ်သက်သူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဆန္ဒမဲ ၇၁.၅ သန်းရရှိခဲ့ရာ ရှုံးနိမ့်သူတစ်ဦးအတွက် စံချိန်တင်များပြားတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ ထိုအခြေအနေက အမေရိကန်ပြည်သူများကြား ထရန့်ကို ထောက်ခံအားပေးမှု အားကောင်းကြောင်း သိသာထင်ရှားစေပါတယ်။

စီးပွားရေးအင်ပါယာကို ကယ်တင်ခြင်း

နိုင်ငံရေးသမားတစ်ဦး မဖြစ်လာစဥ်က ထရန့်ဟာ အိမ်ခြံမြေလုပ်ငန်းရှင်ကြီး၊ reality တီဗီစတားနဲ့ ၎င်းရဲ့ကိုယ်ပိုင်အမှတ်တံဆိပ် သံတမန်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ အိမ်ဖြူတော်မှ ထွက်ခွာပြီးနောက် ထရန့်ဟာ လွန်ခဲ့တဲ့ လေးနှစ်က ၎င်းထွက်လာခဲ့တဲ့ စီးပွားရေးကမ္ဘာကို ပြန်ဝင်ရောက်နိုင်ပါတယ်။

New York Times သတင်းက ဖော်ပြမှုအရ ထရန့်ဟာ လာမယ့် နှစ်အနည်းငယ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် အကြွေးတင်ရှိမယ်လို့ ဆိုပါတယ်။ ထိုပမာဏာဟာ ၎င်းရဲ့ အသားတင် ချမ်းသာကြွယ်ဝမှုရဲ့ ရာခိုင်နှုန်းအနည်းငယ်မျှသာ ဖြစ်ပါတယ်။ ထရန့်အဖွဲ့အစည်း (Trump Organization) က ဟိုတယ်တွေနဲ့ ဂေါက်ကွင်းတွေ အများအပြား ပိုင်ဆိုင်ထားပါတယ်။

ဒေါ်နယ်ထရန့်ရဲ့ ပုဂ္ဂိုလ်ရေးကျော်ကြားမှုက မှေးမှန်းမသွားနိုင်ပါဘူး၊ ကမ္ဘာမှာ ထရန့်အမည်ကို ကျွန်တော်တို့ ဆက်မြင်တွေ့နေကြရအုံးမှာပါ

ထရန့်အမည်ဖြင့် အိမ်ရာအဆောက်အအုံ ပိုင်ဆိုင်မှုတွေ ဒူဘိုင်း၊ အစ္စတန်ဘူလ်၊ ဖိလစ်ပိုင်နဲ့ ဝါရှင်တန်ဒီစီမှာရှိထားပြီး အမေရိကန်၊ ဗြိတိန်၊ ဒူဘိုင်းနဲ့ အင်ဒိုနီးရှားမှာ ဂေါက်ကွင်းတွေ ပိုင်ဆိုင်ထားပါတယ်။ သမ္မတမဟုတ်တော့တဲ့နောက် ထိုလုပ်ငန်းတွေ လုပ်မယ်ဆိုပါက ထရန့်အတွက် လုပ်စရာများစွာရှိနေပါတယ်။

ထရန့်ရဲ့ လုပ်ငန်းအများအပြားဟာ ခရီးသွားလုပ်ငန်းနဲ့ ဇိမ်ခံအပန်းဖြေလုပ်ငန်းတွေဖြစ်နေခဲ့ရာ COVID-19 ဂယက်ကြောင့် သက်ရောက်မှု ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပါတယ်။ Forbes မဂ္ဂဇင်းက ဖော်ပြမှုအရ ထရန့်ရဲ့ ချမ်းသာကြွယ်ဝမှုဟာ COVID-19 ကြောင့် အမေရိကန်ဒေါလာ ၁ ဘီလီယံအထိ ဆုံးရှုံးလျော့နည်းသွားနိုင်ကြောင်း သိရပါတယ်။ ထရန့်က ၎င်းရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပြန်လည်ဦးဆောင်လာနိုင်ပါတယ်။

မီဒီယာလုပ်ငန်းရှင်ကြီး ဖြစ်လာခြင်း

သမ္မတထရန့်ဟာ တီဗီအစီအစဥ်နဲ့ စိမ်းသူတစ်ဦး မဟုတ်ပါဘူး။ The Apprentice တီဗီရှိုးမှာ ထရန့်က ပါဝင်ထားသူဖြစ်ပါတယ်။ ထိုအခြေအနေအရ ထရန့်ဟာ သတင်းမီဒီယာလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်ရန် ရည်မှန်းချက်ရှိကြောင်း ခန့်မှန်းမှုများစွာ ရှိနေခဲ့ပါတယ်။ ၎င်းဟာ ကိုယ်ပိုင် သတင်းမီဒီယာတည်ထောင်ခြင်း သို့မဟုတ် ရှိထားပြီးသား ကွန်ဆာဗေးတစ် သတင်းမီဒီယာတစ်ခုနဲ ပူးပေါင်းလုပ်ကိုင်ခြင်းတို့ဖြင့် မီဒီယာနယ်ပယ်ကို ဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ထရန့်မှာ အလားအလာကောင်းတဲ့ ပရိသတ်ရှိလာမှာ သေချာတယ်လို့ Q Scores Company ရဲ့ ဒုတိယအမှုဆောင်ဥက္ကဌ Henry Schafer ဆိုပါတယ်။ ထရန့်ဟာ ကာဒက်ရှီယန် သို့မဟုတ် ဟောင်းဝပ်စတန်းကဲ့သို့ ၎င်းရဲ့ နာမည်ကျော်ကြားမှုကို တည်ဆောက်နိုင်ကြောင်း Henry Schafer က သုံးသပ်ပါတယ်။ မီဒီယာနဲ့ ဖျော်ဖြေရေး အစီအစဥ်တွေမှာ ထရန့် ပါဝင်လုပ်ကိုင်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

သမ္မတဟောင်း အိုးဘားမားနဲ့ ဇနီးဖြစ်သူ မစ်ချယ်အိုဘားမားတို့ကတော့ စာအုပ်ရေးသားထုတ်‌ဝေမှုကနေ ဒေါ်လာ ၆၅ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ထို့အတူ ဂျော့ဂျ်ဒဗလျူဘုရှ်ကလည်း ၎င်းရဲ့အတွေ့အကြုံ စာအုပ်အတွက် ဒေါ်လာ ၁၀ သန်း ကြိုတင်ရရှိထားတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အိုဘားမားတို့ ဇနီးမောင်နှံက Netflix နဲ့လည်း ဒေါ်လာသန်းနဲ့ချီတဲ့ ရုပ်ရှင်ထုတ်လုပ်ရေး သဘောတူညီမှုတစ်ခုရှိထားပါတယ်။ ထို့အတူ ကလင်တန်စုံတွဲကလည်း podcast ထုတ်လွှင့်မှုအတွက် သဘောတူညီမှုများရှိထားကြောင်း သိရပါတယ်။

သမ္မတအဖြစ်မှ အငြိမ်းစားယူခြင်း

အိမ်ဖြူတော်မှထွက်ခွာပြီးနောက် ထရန့်ဟာ သမ္မတအငြိမ်းစားလစာ ရရှိမှာဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ် သမ္မတဟောင်းအက်ဥပဒေ (Former Presidents Act) အရ နှစ်စဥ် အငြိမ်းစားလစာ ဒေါ်လာ ၂၀၇,၈၀၀ (၂၀၁၇ ခုနှစ် သတ်မှတ်ပမာဏ) အပါအဝင် ခံစားခွင့်များရရှိမှာပါ။ အမေရိကန်သမ္မတဟောင်းတွေကို ဘဝတစ်သက်တာလုံးအတွက် Secret Service ရဲ့ ကာကွယ်စောင့်ရှောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ခရီးသွားလာမှု၊ ရုံးခန်းနဲ့ ဝန်ထမ်း ကုန်ကျစရိတ်တွေကို ရရှိမှလည်း ဖြစ်ပါတယ်။

ထို့ကြောင့် ယခုအခါ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ထရန့်ဟာ အေးအေးလူလူ အငြိမ်းစားယူရန် ဆုံးဖြတ်နိုင်ပါတယ်။ သို့သော် ထင်ပေါ်ကျော်ကြားသူတစ်ဦးအဖြစ် အချိန်များစွာ နေထိုင်လာခဲ့တဲ့ ထရန့်က အေးအေးလူလူ အငြိမ်းစားယူနေထိုင်သွားဖွယ် မမြင်ဘူးလို့ ဆိုပါတယ်။ "ဒေါ်နယ်ထရန့်ရဲ့ ပုဂ္ဂိုလ်ရေးကျော်ကြားမှုက မှေးမှန်းမသွားနိုင်ပါဘူး၊ ကမ္ဘာမှာ ထရန့်အမည်ကို ကျွန်တော်တို့ ဆက်မြင်တွေ့နေကြရအုံးမှာပါ" လို့ Northwestern University ရဲ့ Kellogg School of Management မှ ဈေးကွက်ဘာသာရပ်ဆိုင်ရာ ပါမောက္ခ Tim Calkins က သုံးသပ်ခဲ့ပါတယ်။

Source and Photo: BBC, Reuters, The White House, Getty Images

Share

Loading Next Article...
က္က