ဖိလစ်ပိုင်မှာဖြတ်သန်းတိုက်ခတ်ခဲ့စဥ်အတွင်း လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းဗမ်ကိုဟာ ယခုအခါ ဗီယက်နမ်သို့ ဦးတည်းချဥ်းကပ်လာနေရာ လူဦးရေ ထောင်နဲ့ချီ နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ 

(Map: Google)

အားကောင်းတဲ့ တိုင်ဖွန်းဗမ်ကို (Typhoon Vamco) ဟာ ဗီယက်နမ်အရှေ့ပိုင်းကို ယနေ့ (နိုဝင်ဘာ ၁၅ ရက်) ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းအန္တရာယ်ကြောင့် ဗီယက်နမ်မှာ လေဆိပ်တွေနဲ့ ကမ်းခြေတွေ ပိတ်ထားခဲ့ပြီး ငါးဖမ်းသမားများ ကမ်းရိုးတန်းသို့ ပြန်လာကြရန် ပြောကြားထားပါတယ်။



တိုင်ဖွန်းဗမ်ကိုဟာ ဗီယက်နမ်ကို လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၆၀ ဖြင့် ဝင်ရောက်တိုက်ခတ်နိုင်ကြောင်း သိရပါတယ်။ ဗီယက်နမ်ကို မဝင်ရောက်မီ တိုင်ဖွန်းဗမ်ကိုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့အကြီးဆုံးကျွန်းဖြစ်တဲ့ လူဇွန်ကျွန်းမှာ ဖြတ်သန်းတိုက်ခတ်ခဲ့ရာ ရေကြီးမှုနဲ့ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

(ဗီယက်နမ်မှာ မုန်တိုင်းအန္တရာယ် သတိပေးနေစဥ်) (Photo: AP)

နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ ဖိလစ်ပိုင်ကို တိုင်ဖွန်းဗမ်ကို ဖြတ်သန်းတိုက်ခတ်မှုအတွင်း လူ ၄၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၂၀ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။ ဖိလစ်ပိုင်မှာ ခုနစ်နှစ်အတွင်း အားအကောင်းဆုံး စူပါတိုင်ဖွန်းဂိုနီ (Typhoon Goni) ဖြတ်သန်းတိုက်ခတ်ပြီး တစ်ပတ်မျှအကြာမှာ တိုင်ဖွန်းဗမ်ကိုက ထပ်မံ ဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုင်ဖွန်းဗမ်ကိုဟာ ဖိလစ်ပိုင်ကို ယခုနှစ်အတွင်း ဝင်ရောက်တိုက်ခတ်တဲ့ ၂၁ ခုမြောက် မုန်တိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဗီယက်နမ်မှာ မုန်တိုင်းဝင်ရောက်မယ့် အန္တရာယ်ကြောင့် နိုင်ငံအလယ်ပိုင်း ပြည်နယ်လေးခုမှ လူဦးရေ ထောင်နဲ့ချီပြီး ရွှေ့ပြောင်းထားကြောင်း သဘာဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောပါတယ်။

(ဖိလစ်ပိုင်မှာ ရေကြီးနေမှုမြင်ကွင်းတစ်ခု) (Photo: Reuters)

ဗီယက်နမ်မှာ လတ်တလော သီတင်းပတ်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးမြေပြိုမှုတွေကြောင့် လူ ၁၆၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေကြောင်းနဲ့ နေအိမ် ၃၉၀,၀၀၀ ပျက်စီးခဲ့ကြောင်း သိရပါတယ်။ ဗီယက်နမ်မှာ ရာသီဥတုဆိုးရွားမှုကြောင့် လမ်းများနဲ့ တံတားများ ပျက်စီးခဲ့ပြီး အစားအစာနဲ့ ကောက်ပဲသီးနှံများလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ 

Share

Loading Next Article...
က္က