နောက်ဆုံးအဆင့်စမ်းသပ်မှု အပြီးသတ်ရလဒ်များအရ ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ Pfizer က ဆိုပါတယ်။

အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Pfizer နဲ့ ဂျာမနီ ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှု အပြီးသတ်ရလဒ်များအရ COVID-19 ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရတယ်လို့ Pfizer က ယနေ့ (နိုဝင်ဘာ ၁၈ ရက်) ထုတ်ပြန်ပြောကြားပါတယ်။

(Photo: Reuters)

ကာကွယ်ဆေး ဘေးကင်းစိတ်ချရမှုနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ နှစ်လစာ အချက်လက်တွေ ရှိထားပြီဖြစ်ကြောင်းနဲ့ အမေရိကန် အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေး အာဏာပိုင်အဖွဲ့ထံမှာ အရေးပေါ်သုံးအဖြစ် ရက်ပိုင်းအတွင်း ခွင့်ပြုချက်လျှောက်ထားသွားမယ်လို့ Pfizer က ဆိုပါတယ်။ Pfizer နဲ့ BioNTech တို့ရဲ့ ကာကွယ်ဆေးဟာ ကူးစက်ခံရမှုအန္တရာယ်ပိုများတဲ့ အသက် ၆၅ နှစ်အထက် အရွယ်တွေမှာ COVID-19 ကို ၉၄ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။



ထိုကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှုရဲ့ ကနဦးရလဒ်တွေကို နိုဝင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ရာ COVID-19 ကနေ ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ကြောင်း ပြောထားခဲ့တာ ဖြစ်ပါတယ်။ ယခုအခါ နောက်ဆုံးအဆင့်စမ်းသပ်မှုရဲ့ အပြီးသတ်ရလဒ်တွေကို Pfizer က ထုတ်ပြန်ခဲ့ရာ COVID-19 ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရတယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။

(Photo: Reuters)

Pfizer နဲ့ BioNTech တို့ရဲ့ COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို အမေရိကန်၊ ဂျာမနီ၊ ဘရာဇီး၊ အာဂျင်တီးနား၊ တောင်အာဖရိက၊ တူရကီနိုင်ငံတွေမှာ လူဦးရေ ၄၄,၀၀၀ နီးပါးနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် အမေရိကန်အခြေစိုက် Moderna Inc. ဆေးဝါးကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတစ်မျိုးကလည်း COVID-19 ကို ၉၄.၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း နောက်ဆုံးအဆင့်စမ်းသပ်မှု ကြားဖြတ်အချက်အလက်တွေအရ သိရှိရပါတယ်။

Pfizer နဲ့ Moderna တို့ရဲ့ ကာကွယ်ဆေးနှစ်မျိုးလုံးဟာ messenger RNA သို့မဟုတ် mRNA လို့ သိထားကြတဲ့ နည်းပညာသစ်ကို အသုံးပြုထားပြီး COVID-19 ကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်မယ်လို့ ဆိုပါတယ်။ Pfizer က ယခုနှစ်ကုန်မှာ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို အရေအတွက် သန်း ၅၀ နဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအရောက်မှာ ကာကွယ်ဆေး ၁.၃ ဘီလီယံဝန်းကျင် ထုတ်လုပ်နိုင်မယ်လို့ ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။

(Photo: Pfizer)

သို့သော် ကာကွယ်ဆေး သယ်ယူပို့ဆောင်ရာမှာတော့ အပူချိန်ကို အနုတ် ၇၀ ဒီဂရီဆဲလ်စီးယပ်အောက်မှာ ထိန်းထားရမှာဖြစ်ရာ စိန်ခေါ်မှုတွေရှိနေပါတယ်။ နောက်ထပ် အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Johnson & Johnson (J&J) ကလည်း တစ်ကြိမ်တည်းသာထိုးရတဲ့ COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို လူဦးရေ ၆၀,၀၀၀ နဲ့ ပြုလုပ်နေပြီး ယခုနှစ်ကုန်ပိုင်း သို့မဟုတ် လာမယ့်နှစ်အစောပိုင်းမှာ ရလဒ်သိရှိနိုင်မယ်လို့ ပြောထားပါတယ်။

အခြား ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ ရုရှားထုတ် Sputnik V ကလည်း COVID-19 ကို ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ကြောင်း ရုရှားကျန်းမာရေးဝန်ကြီးဌာနက ပြောထားပါတယ်။ နောက်ထပ် အလားအလားကောင်းတဲ့ COVID-19 ကာကွယ်ဆေးတွေဖြစ်တဲ့ ဗြိတိန် အောက်စ်ဖို့တက္ကသိုလ်နဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးနဲ့ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေကိုလည်း နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေကြပြီး ယခုနှစ်အတွင်း ရလဒ်များထွက်ပေါ်လာနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က