ဥရောပက အမေရိကန်နဲ့အတူ ကပ်ရောဂါကူးစက်မှု ဗဟိုချက်နေရာ နောက်တစ်ကြိမ် ပြန်ဖြစ်လာပါတယ်။

လူတိုင်း mask တပ်ခြင်း အပါအဝင် လိုက်နာဆောင်ရွက်မှုများဖြင့် ဥရောပမှာ lockdown အသစ် သတ်မှတ်ရမှုတွေကို ရှောင်လွဲနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ ဒေသဆိုင်ရာအကြီးအကဲက ယနေ့ (နိုဝင်ဘာ ၁၉ ရက်) ပြောပါတယ်။

(WHO ဒေသဆိုင်ရာ အကြီးအကဲ Hans Kluge) (Photo: AFP/Getty Images)

ဥရောပတိုက်မှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အချို့ဟာ မနိုင်မနင်းဖြစ်နေကြောင်းနဲ့ ပြီးခဲ့တဲ့ သီတင်းပတ် တစ်ပတ်တည်းမှာပင် COVID-19 ကြောင့် လူ ၂၉,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း WHO ရဲ့ ဥရောပဒေသဆိုင်ရာ အကြီးအကဲ Hans Kluge က ဆိုပါတယ်။



"ဥရောပက အမေရိကန်နဲ့အတူ ကပ်ရောဂါကူးစက်မှု ဗဟိုချက်နေရာ နောက်တစ်ကြိမ် ပြန်ဖြစ်လာတယ်၊ ဥမင်လှိုဏ်ခေါင်းအဆုံးမှာတော့ အလင်းရောင်ရှိပါတယ်၊ ဒါပေမဲ့ ခက်ခဲကြမ်းတမ်းတဲ့ ခြောက်လကြာ အချိန်ကာလကို ကြုံလာရမှာပါ" လို့ Hans Kluge က ကိုပင်ဟေဂင်မြို့ကနေ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

(Photo: Reuters)

"lockdown တွေက ရှောင်လွဲနိုင်ပါတယ်၊ ကျွန်တော့်ကတော့ lockdown လုပ်တာတွေက နောက်ဆုံး အားကိုးအားထားပြစရာ အစီအမံပါပဲ၊ mask အသုံးပြုခြင်းက ကုထုံးတစ်ရပ်တော့ မဟုတ်ဘဲ အခြား လိုက်နာဆောင်ရွက်ရတဲ့ အစီအမံတွေနဲ့အတူ ပေါင်းစပ်လုပ်ဆောင်ဖို့ လိုအပ်ချက် ဖြစ်ပါတယ်၊ တစ်ကယ်လို့ mask ကို ၉၅ ရာခိုင်နှုန်း အသုံးပြုကြမယ်ဆိုရင် lockdown တွေလုပ်ဖို့ လိုအပ်မှာမဟုတ်ပါဘူး" လို့ WHO ရဲ့ ဥရောပဒေသဆိုင်ရာ အကြီးအကဲက သုံးသပ်ခဲ့ပါတယ်။ ယခု lockdown သတ်မှတ်ထားမှုတွေကို ဘေးကင်းစွာဖြင့် တဖြည်းဖြည်းချင်း ရုပ်သိမ်းသင့်ကြောင်းနဲ့ မြန်ဆန်စွာ ဖြေလျှော့ပေးခြင်းက ဆိုးကျိုးသက်ရောက်နိုင်ကြောင်းလည်း Hans Kluge က သတိပေး ပြောကြားခဲ့ပါတယ်။

တစ်ကယ်လို့ mask ကို ၉၅ ရာခိုင်နှုန်း အသုံးပြုကြမယ်ဆိုရင် lockdown တွေလုပ်ဖို့ လိုအပ်မှာမဟုတ်ပါဘူး

မူလတန်းကျောင်းတွေကို ဖွင့်ထားသင့်ကြောင်း၊ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေဟာ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်ပျံ့နှံ့မှု မဖြစ်စေကြောင်းနဲ့ ကျောင်းတွေပိတ်ထားခြင်းက ထိရောက်မှုမရှိကြောင်း ၎င်းကဆိုပါတယ်။ လတ်တလောမှာ ကာကွယ်ဆေးတွေရဲ့ စမ်းသပ်မှုရလဒ်များ အားတက်ဖွယ်ရာ ထွက်ပေါ်လာနေပေမဲ့ ကာကွယ်ဆေးရရှိနိုင်မှုဟာ အထူးသဖြင့် အစပိုင်းမှာ အကန့်အသတ်ရှိမှာဖြစ်တယ်လို့ Hans Kluge က ထောက်ပြခဲ့ကြောင်း Reutes သတင်းမှာ ဖော်ပြပါတယ်။

(Photo: Reuters)

မြန်မာနိုင်ငံမှာလည်း တိုင်ဒေသကြီး/ပြည်နယ်အစိုးရများအဖွဲ့များ ဦးဆောင်ပြီး မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ဖြင့် မျက်နှာနှင့် နှာခေါင်းစည်း၊ မျက်နှာအကာနဲ့ လက်ကမ်းစာစောင်များ အခမဲ့ပေးဝေခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် အသိပညာပေးခြင်းတို့ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ဆောင်ရွက်နေပါတယ်။

မြန်မာနိုင်ငံမှာ ဆောင်းရာသီသို့ စတင်ကူးပြောင်းချိန်ဖြစ်ပြီး သဘာဝအားဖြင့် ဗိုင်းရပ်စ်များအတွက် ရောဂါကူးစက်ပြန့်ပွားမှုကို ပိုမိုဖြစ်စေနိုင်တဲ့ ကာလဖြစ်နေပြီး မကြာမီ ပွင့်လင်းရာသီ အများပြည်သူရုံးပိတ်ရက်ရှည်များအတွင်း ပြည်သူလူထုအနေဖြင့် ခရီးသွားလာပါက ရောဂါပိုးကူးစက်မှုများ ပိုမိုပြန့်ပွားစေနိုင်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ယနေ့ထုတ်ပြန်တဲ့ပန်ကြားချက်မှာ ပြောထားပါတယ်။

မြန်မာနိုင်ငံအတွင်း COVID-19 ပိုမိုကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ပြည်သူလူထုအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း၊ လူစုလူ‌ဝေးပြုလုပ်ခြင်းတို့ မလုပ်ဆောင်ကြဘဲ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များနဲ့အညီ လိုက်နာဆောင်ရွက်ကြရန်နဲ့ မိမိတို့နေထိုင်ရာ နေအိမ်များတွင်သာ တတ်နိုင်သမျှ နေထိုင်ကြရန်လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော် ပန်ကြားထားကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က