ဂျိုးဘိုင်ဒန်ဟာ ဂျော်ဂျီယာမှာ ၁၉၉၂ နောက်ပိုင်း အနိုင်ရခဲ့တဲ့ ပထမဆုံး ဒီမိုကရက်တစ်သမ္မတလောင်း ဖြစ်လာပါတယ်။

နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲ ဂျော်ဂျီယာပြည်နယ်မှ မဲလက်မှတ်တွေအားလုံးကို လက်ဖြင့် ပြန်လည်ရေတွက်ပြီးစီးခဲ့ရာ မူလထွက်ပေါ်ထားတဲ့ ရလဒ်အတိုင်း ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်ကပင် အနိုင်ရခဲ့ကြောင်း နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပြည်နယ်တာဝန်ရှိသူ Brad Raffensperger က ပြောပါတယ်။

(ဂျိုးဘိုင်ဒန်) (Photo: AFP/Getty Images)

မဲလက်မှတ်များ ပြန်လည်စစ်ဆေးရေတွက်ခြင်းကို အတည်မပြုနိုင်တဲ့ စာရင်းတွေအ ဂျိုးဘိုဒန်က ရီပတ်ဘလစ်ကင်ပါတီမှ သမ္မတဒေါ်နယ်ထရန့်ကို မဲအရေအတွက် ၁၄,၀၀၀ ခန့်ဖြင့် ဦးဆောင်နေခဲ့ပြီးနောက် ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ထရန့်အောင်နိုင်ရေးအဖွဲ့က နိုဝင်ဘာ ၁၀ ရက်နေ့မှာ တောင်းဆိုခဲ့တာကြောင်း ဂျော်ဂျီယာပြည်နယ် မဲလက်မှတ်တွေအားလုံးကို လက်ဖြင့် ပြန်လည်ရေတွက်ခဲ့ကြောင်း Brad Reffensperger က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ‌



ဂျော်ဂျီယာပြည်နယ်ရဲ့ မဲလက်မှတ် ၅ သန်းကျော်ကို လက်ဖြင့် ပြန်လည်ရေတွက်ခဲ့ပြီး ဂျိုးဘိုင်ဒန်က မဲအရေအတွက် ၁၂,၂၈၄ မဲအသာဖြင့် အနိုင်ရခဲ့ကြောင်း Brad Reffensperger ရဲ့ ရုံးခန်းမှ စာရင်းတွေအရ သိရှိရပါတယ်။ "မဲလက်မှတ် ပြန်လည်စစ်ဆေးရေတွက်မှုက မူလ စက်ဖြင့် ရေတွက်ထားမှုဟာ ရွေးကောက်ပွဲအနိုင်ရသူကို မှန်ကန်စွာ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်" လို့ ပြည်နယ်တာဝန်ရှိသူရဲ့ ရုံးခန်းက နိုဝင်ဘာ ၁၉ ရက် ညပိုင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(ဂျော်ဂျီယာပြည်နယ် တာဝန်ရှိသူ Brad Reffensperger) (Photo: Reuters)

မဲအသာရမှု အပြောင်းအလဲဟာ ကြိုတင်ခန့်မှန်ထားတဲ့ လက်ဖြင့် ရေတွက်စဥ် လူသားအမှားကြောင့် ဖြစ်နိုင်ခြေရှိတဲ့ ပမာဏအတွင်းမှာသာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုပါတယ်။ ယခု အတည်ပြုထုတ်ပြန်ချက်အရ ဂျိုးဘိုင်ဒန်ဟာ ၁၉၉၂ ခုနှစ်မှာ ဘီလ်ကလင်တန် အနိုင်ရခဲ့ပြီးနောက် ဂျော်ဂျီယာပြည်နယ်မှာ အနိုင်ရခဲ့တဲ့ ပထမဆုံး ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်လာခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

ရီပတ်ဘလစ်ကင်တစ်ဦးဖြစ်တဲ့ ဂျော်ဂျီယာပြည်နယ် တာဝန်ရှိသူ Brad Reffensperger က ဂျိုးဘိုင်ဒန် အနိုင်ရကြောင်းကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ တရားဝင် လက်မှတ်ရေးထိုး ထုတ်ပြန်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၀ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်က ပြည်နယ်တစ်ခုချင်းစီးရဲ့ Electoral College မဲ စုစုပေါင်း ၃၀၆ မဲရရှိခဲ့ပြီး ထရန့်ကတော့ ၂၃၂ မဲ ရရှိခဲ့ပါတယ်။

(ဒေါ်နယ်ထရန့်) (Photo: Reuters)

အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ အရေးပါတဲ့ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (Electoral College) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပါတယ်။ ပြည်နယ်တစ်ခုချင်းစီးမှာ လူဦးရေအပေါ်မူတည်ပြီး ကိုယ်စားလှယ်အဖွဲ့ရဲ့ ထောက်ခံမဲအရေအတွက် သတ်မှတ်ထားပြီး စုစုပေါင်း မဲအရေအတွက် ၅၃၈ မဲ ဖြစ်ပါတယ်။

ထိုမဲများအနက်မှ ထောက်ခံမဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ အရေအတွက်ရရှိတဲ့ ကိုယ်စားလှယ်လောင်းက သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခြင်းဖြစ်ရာ ဂျိုးဘိုင်ဒန်က လိုအပ်တဲ့ Electoral College မဲအရေအတွက်ထက် ပိုမိုကျော်လွန်ရရှိပြီး အနိုင်ရကြောင်း အမေရိကန်မီဒီယာတွေက ဖော်ပြထားကြပါတယ်။

(Photo: AP)

ထရန့်ကတော့ ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်မခံသေးဘဲ မဲလိမ်လည်မှုတွေနဲ့ ပုံမှန်မဟုတ်မှုတွေ ဂျော်ဂျီယာပြည်နယ်မှာ အပါအဝင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့ကြောင်း အထောက်အထားမရှိဘဲ စွပ်စွဲပြောဆိုထားပြီး ဥပဒေကြောင်းအရ အရေးဆိုမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ သို့သော် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲနေ့ နောက်ပိုင်း ထရန့်အောင်နိုင်ရေးအဖွဲ့က အမေရိကန်နိုင်ငံတစ်ဝန်း ဥပဒေကြောင်းအရ အရေးဆိုမှု နှစ်ဒါဇင်ကျော်မှာ ရှုံးနိမ့်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က