Moderna ကာကွယ်ဆေးက COVID-19 ကို ၉၅ ရာခိုင်နှုန်းနီးပါး ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိထားပါတယ်။

COVID-19 ကနေ ၉၅ ရာခိုင်နှုန်းနီးပါး ကာကွယ်ပေးနိုင်ကြောင်း ထုတ်ပြန်ထားတဲ့ အမေရိကန်ကာကွယ်ဆေးတစ်မျိုးကို အစိုးရတွေအတွက် ရောင်းချသွားမယ့်ဈေးနှုန်းအား ကုမ္ပဏီတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

(Photo: AP)

အမေရိကန်အခြေစိုက် Moderna Inc. ရဲ့ COVID-19 ကာကွယ်ဆေးတစ်လုံးလျှင် ၂၅ ဒေါ်လာနဲ့ ၃၇ ဒေါ်လာအတွင်း (မြန်မာကျပ်ငွေ ၃၂,၀၀၀ ကျော်နဲ့ ၄၈,၀၀၀ ကျော်အတွင်း) ဈေးနှုန်းဖြင့် အစိုးရတွေကို ရောင်းချသွားမယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် Stephane Bancel က အပတ်စဥ်ထုတ် ဂျာမန်သတင်းစာ Welt am Sonntag (WamS) ကို ပြောခဲ့ပါတယ်။



"ကျွန်တော်တို့ရဲ့ ကိုဗစ်ကာကွယ်ဆေးက အမေရိကန်ဒေါ်လာ ၁၀ နဲ့ ၅၀ ကြားဖြစ်တဲ့ တုပ်ကွေးကာကွယ်ဆေးတွေရဲ့ ဈေးနှုန်းအတိုင်း အတူတူပဲ ဖြစ်ပါတယ်" လို့ ၎င်းရဲ့ ပြောကြားမှုကို သတင်းစာက ကိုးကားဖော်ပြပါတယ်။ ဥရောပကော်မရှင်က Moderna ကာကွယ်ဆေး သန်းနဲ့ချီ ဝယ်လိုပြီး ဆေးတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာအောက် ဖြစ်စေလိုကြောင်း သိရပါတယ်။

(Photo: Reuters)

ဥပရောကော်မရှင်နဲ့ Moderna ကုမ္ပဏီကြား ကာကွယ်ဆေးကိစ္စ ဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ ဥရောပသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ထိုသို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ "စာချုပ်လက်မှတ်ထိုးတာမျိုး မလုပ်ရသေးပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ ဥရောပကော်မရှင်နဲ့ သဘောတူညီချက်ရဖို့ နီးစပ်နေပါပြီ၊ ကျွန်တော်တို့ ဥရောပကို ကာကွယ်ဆေးပေးပို့ချင်ပါတယ်၊ ကျွန်တော်တို့ အပြုသဘောဆောင်တဲ့ ဆွေးနွေမှုတွေ လုပ်နေပါတယ်" လို့ Moderna ရဲ့ အမှုဆောင်အရာရှိချုပ် Stephane Bancel က ပြောပါတယ်။ Moderna ကာကွယ်ဆေးကို လူဦးရေ ၃၀,၀၀၀ မှာ နောက်ဆုံးအဆင့် စမ်းသပ်မှုရဲ့ ကြားဖြတ်ရလဒ်တွေအရ COVID-19 ကို ၉၄.၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

(Photo: CJ Gunther/EPA-EFE)

နောက်ထပ် အမေရိကန်အခြေစိုက် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Pfizer နဲ့ ဂျာမနီ ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးကလည်း နောက်ဆုံးအဆင့်စမ်းသပ်မှု အပြီးသတ် ရလဒ်တွေအရ COVID-19 ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း နိုဝင်ဘာ ၁၈ ရက်နေ့မှာ ပြောထားပြီး ယခုအခါ အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration - FDA) ထံ အရေးပေါ်သုံး (Emergency Use Authorisation - EUA) အဖြစ် ခွင့်ပြုချက်လျှောက်ထားကြောင်း သိရပါတယ်။

အမေရိကန်အစိုးရက နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံတဲ့ အစီအစဥ်ကို ဒီဇင်ဘာလအတွင်း စတင်နိုင်ရန် မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ အခြား ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ ရုရှားထုတ် Sputnik V ကလည်း COVID-19 ကို ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ကြောင်း ရုရှားကျန်းမာရေးဝန်ကြီးဌာနက ပြောထားပါတယ်။

(Photo: Reuters)

နောက်ထပ် အလားအလားကောင်းတဲ့ COVID-19 ကာကွယ်ဆေးတွေဖြစ်တဲ့ ဗြိတိန် အောက်စ်ဖို့တက္ကသိုလ်နဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးနဲ့ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေကိုလည်း နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေကြပြီး ယခုနှစ်အတွင်း အပြီးသတ် ရလဒ်များထွက်ပေါ်လာနိုင်ဖွယ်ရှိပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ဟာ လက်ရှိမှာ ကမ္ဘာတစ်ဝန်း လူဦးရေ ၅၈.၉ သန်းကျော်ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၁.၃၉ သန်းနဲ့ ပြန်လည်သက်သာသူ သန်း ၄၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က