မီချီဂန်ပြည်နယ်မှာ ဂျိုးဘိုင်ဒန်က မဲအရေအတွက် ၁၅၀,၀၀၀ ကျော်ဖြင့် အနိုင်ရရှိကြောင်း ခန့်မှန်းထားခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲ မီချီဂန်ပြည်နယ်မှာ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က အနိုင်ရရှိကြောင်း တရားဝင် အတည်ပြုလိုက်ပြီဖြစ်ပြီး ရွေးကောက်ပွဲရလဒ်ကို စောဒကတက်ရန် ကြိုးပမ်းနေတဲ့ ဒေါ်နယ်ထရန့်အတွက် ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။

(Photo: AP)

Michigan Board of State Canvassers က မီချီဂန်ပြည်နယ်မှာ ဂျိုးဘိုင်ဒန် အနိုင်ရကြောင်း နိုဝင်ဘာ ၂၃ ရက်နေ့က အတည်ပြုလိုက်ပါတယ်။ ရီပတ်ဘလစ်ကင်ပါတီမှ Michigan Board of State Canvassers အဖွဲ့ဝင်နှစ်ဦးကလည်း ဒီမိုကရက်တစ်ပါတီမှ နှစ်ဦးနဲ့အတူ ဂျိုးဘိုင်ဒန် အနိုင်ရကြောင်း အတည်ပြုခဲ့ပါတယ်။



အခြား ရီပတ်ဘလစ်ကင်နှစ်ဦးကတော့ ကြားနေအဖြစ် ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။ မီချီဂန်ပြည်နယ်မှာ ဂျိုးဘိုင်ဒန်က မဲအရေအတွက် ၁၅၀,၀၀၀ ကျော်ဖြင့် အနိုင်ရရှိကြောင်း ခန့်မှန်းထားခဲ့တာလည်း ဖြစ်ပါတယ်။ ထရန့်ရဲ့ ဥပဒေအဆိုင်ရာအဖွဲ့ကတော့ မီချီဂန်ပြည်နယ် မဲရလဒ်ကို စောဒကတက်သွားအုံးမယ်လို့ ဆိုပါတယ်။

(Photo: NBC News)

အမေရိကန်ရွေးကောက်ပွဲ လုပ်ငန်းစဥ်အရ လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဂျိုးဘိုင်ဒန် အနိုင်ရရှိကြောင်း US Electoral College က အတည်ပြုမှာဖြစ်ပြီး ထိုရက်မတိုင်မီအထိသာ ထရန့်ဘက်က ဥပဒေကြောင်းအရ အရေးဆိုမှုတွေ ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ထရန့်အောင်နိုင်ရေးအဖွဲ့က တောင်းဆိုမှုအရ မဲလက်မှတ်တွေအားလုံးကို လက်ဖြင့် ပြန်လည်ရေတွက်ခဲ့တဲ့ ဂျော်ဂျီယာပြည်နယ်မှာ မူလထွက်ပေါ်ထားတဲ့ ရလဒ်အတိုင်း ဂျိုးဘိုင်ဒန်ကပင် အနိုင်ရခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

ဂျိုးဘိုင်ဒန်ဟာ ၁၉၉၂ ခုနှစ်မှာ ဘီလ်ကလင်တန် အနိုင်ရခဲ့ပြီးနောက် ဂျော်ဂျီယာပြည်နယ်မှာ အနိုင်ရခဲ့တဲ့ ပထမဆုံး ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်လာခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ၂၀၂၀ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်က ပြည်နယ်တစ်ခုချင်းစီးရဲ့ Electoral College မဲ စုစုပေါင်း ၃၀၆ မဲရရှိခဲ့ပြီး ထရန့်ကတော့ ၂၃၂ မဲ ရရှိခဲ့ပါတယ်။

(Photo: Getty Images)

အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ အရေးပါတဲ့ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (Electoral College) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပါတယ်။ ပြည်နယ်တစ်ခုချင်းစီးမှာ လူဦးရေအပေါ်မူတည်ပြီး ကိုယ်စားလှယ်အဖွဲ့ရဲ့ ထောက်ခံမဲအရေအတွက် သတ်မှတ်ထားပြီး စုစုပေါင်း မဲအရေအတွက် ၅၃၈ မဲ ဖြစ်ပါတယ်။

ထိုမဲများအနက်မှ ထောက်ခံမဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ အရေအတွက်ရရှိတဲ့ ကိုယ်စားလှယ်လောင်းက သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခြင်းဖြစ်ရာ ဂျိုးဘိုင်ဒန်က လိုအပ်တဲ့ Electoral College မဲအရေအတွက်ထက် ပိုမိုကျော်လွန်ရရှိပြီး အနိုင်ရကြောင်း အမေရိကန်မီဒီယာတွေက ဖော်ပြထားကြပါတယ်။

(Photo: CNN)

ထရန့်ကတော့ ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်မခံသေးဘဲ မဲလိမ်လည်မှုတွေနဲ့ ပုံမှန်မဟုတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့ကြောင်း အထောက်အထားမရှိဘဲ စွပ်စွဲပြောဆိုထားပြီး ဥပဒေကြောင်းအရ အရေးဆိုမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ သို့သော် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲနေ့ နောက်ပိုင်း ထရန့်အောင်နိုင်ရေးအဖွဲ့က အမေရိကန်နိုင်ငံတစ်ဝန်း ဥပဒေကြောင်းအရ အရေးဆိုမှု နှစ်ဒါဇင်ကျော်မှာ ရှုံးနိမ့်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ထရန့်ဘက်က ဝစ်ကွန်ဆင်နဲ့ ပင်ဆယ်ဗေးနီးယား ပြည်နယ်တွေမှာလည်း ရွေးကောက်ပွဲရလဒ်အပေါ် စောဒကတက်ပြီး ဥပဒေကြောင်းအရ အရေးဆိုမှုတွေ ပြုလုပ်ထားပါတယ်။ ယခုအခါ အရေးပါတဲ့ ဂျော်ဂျီယာနဲ့ မီချီဂန်ကဲ့သို့ ပြည်နယ်တွေက ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရရှိကြောင်း အတည်ပြုခဲ့ပြီဖြစ်ရာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲနိုင်ရန် ကြိုးပမ်းနေတဲ့ ထရန့်ရဲ့လုပ်ဆောင်မှုတွေ အောင်မြင်နိုင်ခြေ ပိုမိုနည်းပါးသွားခဲ့ပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က