သမ္မတတာဝန်အလွှဲအပြောင်းကို တာဝန်ယူရတဲ့ဌာနက ဂျိုးဘိုင်ဒန်ကို အကြောင်းကြားလိုက်ပြီ ဖြစ်ပါတယ်။
Ko John

သမ္မတတာဝန်အလွှဲအပြောင်းကိစ္စကို တာဝန်ယူဆောင်ရွက်ရတဲ့ အမေရိကန်ပြည်ထောင်စုဌာနက လွှဲပြောင်းရေးလုပ်ငန်းစဥ် တရားဝင် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ အကြောင်းကြားလိုက်ပြီ ဖြစ်ပါတယ်။

(အမေရိကန်သမ္မတအိမ်ဖြူတော်) (Photo: AP)

General Services Administration (GSA) အကြီးအကဲ အမ်မလီမာဖီက သမ္မတလွှဲပြောင်းရေးလုပ်ငန်းစဥ် တရားဝင် ဆောင်ရွက်နိုင်ပြီလို့ ဂျိုးဘိုင်ဒန်ထံသို့ စာရေးသားပေးပို့ပြီး ပြောကြားခဲ့ကြောင်း သိရပါတယ်။ မာဖီနဲ့ သူမရဲ့အဖွဲ့ကို ကနဦး လုပ်ထုံးလုပ်နည်းများနဲ့ ပတ်သက်ပြီး လိုအပ်တာများ လုပ်ဆောင်ရန် ထောက်ခံခွင့်ပြုလိုက်ကြောင်းနဲ့ ၎င်းရဲ့အဖွဲ့ကိုလည်း အလားတူ လုပ်ဆောင်ရန် ပြောကြားခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Twitter မှာ ပြောထားပါတယ်။



ထရန့်က Twitter မှာ ပြောကြားထားမှုနဲ့အတူ ဂျိုးဘိုင်ဒန်ထံသို့ သမ္မတတာဝန် အလွှဲအပြောင်း စတင်ရန်လက်ခံလိုက်တာလည်း ဖြစ်ပါတယ်။ လွှတ်တော်အမတ်များနဲ့ စီးပွားရေးလုပ်ငန်းရှင်များက GSA ကို နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်ပြုရန် ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်မှာ ထရန့်က ခန့်အပ်ခဲ့တဲ့ မာဖီအနေနဲ့ ရွေးကောက်ပွဲအနိုင်ရသူ အတိအကျ သိရှိလာရချိန်မှာ အလွှဲအပြောင်းကို တရားဝင် ခွင့်ပြုချက်ထုတ်သွားမယ်လို့ GSA က ပြောထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(GSA အကြီးအကဲ အမ်မလီမာဖီ) (Photo: Getty Images)

"မီဒီယာတွေမှာ ရေးသားမှုတွေလို မဟုတ်ဘဲ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို ကြောက်ရွံ့မှုကြောင့် သို့မဟုတ် မျက်နှာသာပေးမှု မပါဘဲ ချမှတ်ခဲ့တာပါ" လို့ မာဖီက ဆိုပါတယ်။ ထိုအတောအတွင်း မီချီဂန်ပြည်နယ်မှာ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က အနိုင်ရရှိကြောင်း နိုဝင်ဘာ ၂၃ ရက်နေ့က တရားဝင် အတည်ပြုလိုက်ပြီဖြစ်ပြီး ရွေးကောက်ပွဲရလဒ်ကို စောဒကတက်ရန် ကြိုးပမ်းနေတဲ့ ဒေါ်နယ်ထရန့်အတွက် ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။

၂၀၂၀ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်က ပြည်နယ်တစ်ခုချင်းစီးရဲ့ Electoral College မဲ စုစုပေါင်း ၃၀၆ မဲရရှိခဲ့ပြီး ထရန့်ကတော့ ၂၃၂ မဲ ရရှိခဲ့ပါတယ်။ အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ အရေးပါတဲ့ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (Electoral College) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပါတယ်။

(တာဝန်အလွှဲအပြောင်းကိစ္စ ထရန့် ရေးသားထားမှု) (Photo: @realDonaldTrump/Twitter)

ပြည်နယ်တစ်ခုချင်းစီးမှာ လူဦးရေအပေါ်မူတည်ပြီး ကိုယ်စားလှယ်အဖွဲ့ရဲ့ ထောက်ခံမဲအရေအတွက် သတ်မှတ်ထားပြီး စုစုပေါင်း မဲအရေအတွက် ၅၃၈ မဲ ဖြစ်ပါတယ်။ ထိုမဲများအနက်မှ ထောက်ခံမဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ အရေအတွက်ရရှိတဲ့ ကိုယ်စားလှယ်လောင်းက သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခြင်းဖြစ်ရာ ဂျိုးဘိုင်ဒန်က လိုအပ်တဲ့ Electoral College မဲအရေအတွက်ထက် ပိုမိုကျော်လွန်ရရှိပြီး အနိုင်ရကြောင်း အမေရိကန်မီဒီယာတွေက ဖော်ပြထားကြပါတယ်။

ထရန့်ကတော့ ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်မခံသေးဘဲ မဲလိမ်လည်မှုတွေနဲ့ ပုံမှန်မဟုတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့ကြောင်း အထောက်အထားမရှိဘဲ စွပ်စွဲပြောဆိုထားပြီး ဥပဒေကြောင်းအရ အရေးဆိုမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်ရွေးကောက်ပွဲ လုပ်ငန်းစဥ်အရ လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဂျိုးဘိုင်ဒန် အနိုင်ရရှိကြောင်း US Electoral College က အတည်ပြုသွားမှာ ဖြစ်ပါတယ်။

(Photo: Deseret News)

အမေရိကန်ဒုတိယသမ္မတအဖြစ် ၈ နှစ်ကြာ သက်တမ်း ၂ နှစ် တာဝန်ယူခဲ့ဖူးတဲ့ ဂျိုးဘိုင်ဒန်ဟာ ၁၉၄၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်တာကြောင့် ယခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့မှာ အသက် ၇၈ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ထို့ကြောင့် ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး တရားဝင် စတင်ဆောင်ရွက်ချိန်မှာ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမိုင်းတစ်လျှောက် အသက်အကြီးဆုံးသမ္မတအဖြစ် မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။


Author

  • Ko John

    Editorial Advisor at Duwun


က္က