လတ်တလော ရက်ပိုင်းအတွင်း တွေ့ရတဲ့ ကူးစက်မှုအသစ် ၁၈၀ ကျော်ဟာ နိုက်ကလပ်တွေနဲ့ ဆက်နွယ်နေပါတယ်။

ဟောင်ကောင်မှာ COVID-19 ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရန် ဘားဆိုင်များ၊ နိုက်ကလပ်များနဲ့ အခြား ဖျော်ဖြေရေးနေရာများကို ယခုနှစ်အတွင်း တတိယအကြိမ် ပိတ်ထားမယ်လို့ ကျန်းမာရေးတာဝန်ရှိသူ ဆိုဖီယာချန်းက ယနေ့ (နိုဝင်ဘာ ၂၄ ရက်) ပြောပါတယ်။

(Photo: Reuters)

ဟောင်ကောင်အာဏာပိုင်တွေက မြို့ရဲ့လေဆိပ်အနီးမှာ ယာယီ COVID-19 ကုသရေးစင်တာတစ်ခုကိုလည်း ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ယနေ့ ထုတ်ပြန်မှုအရ ဟောင်ကောင်မှာ ကူးစက်ခံရသူ နောက်ထပ် ၈၀ ဦး တိုးလာခဲ့ပြီး ဇန်နဝါရီလနှောင်းပိုင်းမှ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၅,၇၈၂ ဦးနဲ့ သေဆုံးသူ ၁၀၈ ဦးရှိခဲ့ပါတယ်။



ဟောင်ကောင်ဟာ COVID-19 ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ပြီး အစောပိုင်းမှာ နေ့စဥ် ကူးစက်မှုဟာ အများအားဖြင့် ဂဏန်းတစ်လုံး သို့မဟုတ် နည်းပါးတဲ့ ဂဏန်းနှစ်လုံး အရေအတွက်သာ တွေ့ခဲ့ရပါတယ်။ လတ်တလော ရက်ပိုင်းအတွင်း ဟောင်ကောင်မှာတွေ့ရတဲ့ ကူးစက်မှုအသစ် ၁၈၀ ကျော်ဟာ နိုက်ကလပ်တွေနဲ့ ဆက်နွယ်နေကြောင်း သိရပါတယ်။

(Photo: AFP)

"လူထုကြားမှာ ကူးစက်ပျံ့နှံ့မှု ကွင်းဆက်တွေ ရှိပါတယ်၊ ကူးစက်ဖြစ်ပွားမှုက ပြင်းထန်တာကြောင့် ကျွန်မတို့ ခပ်ခွာခွာနေရမယ့် အစီအမံတွေအားလုံးကို တင်းကျပ်ဖို့လိုပါတယ်" လို့ ဆိုဖီယာချန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဘားဆိုင်များ၊ နိုက်ကလပ်များ၊ ကာရာအိုနေကနဲ့ ကပွဲခန်းမများကို ကနဦးအနေဖြင့် ခုနစ်ရက်ကြာ ပိတ်ထားမှာဖြစ်ပြီး အနည်းဆုံး ဒီဇင်ဘာ ၃ ရက်နေ့အထိဖြစ်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

ဟောင်ကောင်မှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပထမဆုံးအကြိမ်အဖြစ်လည်းကောင်း၊ ဇူလိုင်လလယ်မှ စက်တင်ဘာလလယ်အထိ ဒုတိယအကြိမ်အဖြစ်လည်းကောင်း ထိုသို့ ပိတ်ပင်ခဲ့ရပြီး နောက်ပိုင်းမှာတော့ ပိတ်ပင်မှုတွေကို တဖြည်းဖြည်း ဖြေလျှော့ပေးခဲ့ပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း ဟောင်ကောင်မှာ COVID-19 ကူးစက်မှုဖြစ်ပွားမှု အခြေအနေ လျင်မြန်စွာ ပိုမိုဆိုးရွာလာမှုကြောင့် မူလတန်းကျောင်းများမှာ သူငယ်တန်းမှ ၃ တန်းအထိကို ပိတ်ထားကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က