ဥရောပက အလားအလာကောင်းတဲ့ ကိုဗစ်ကာကွယ်ဆေး ခြောက်မျိုးကို ထုတ်လုပ်သူတွေနဲ့ သဘောတူညီမှုများ ရရှိထားပါတယ်။

နိုင်ငံ ၂၇ နိုင်ငံပါဝင်တဲ့ ဥရောပဒေသတွင်း COVID-19 ကာကွယ်ဆေးထိုးနှံမှုများ ခရစ်စမတ်ကာလမှာ စတင်နိုင်ဖွယ်ရှိကြောင်း ဥရောပသမဂ္ဂ အကြီးတန်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၅ ရက်နေ့မှာ ပြောခဲ့ပါတယ်။

(Photo: Reuters)

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ အရေအတွက် သန်းရာချီရှိတဲ့ ကာကွယ်ဆေးဖြန့်ဖြူးမှုအတွက် သယ်ယူပို့ဆောင်ရန် အစီအစဥ်တွေကို အစောတလျင် ပြင်ဆင်ရမယ်လို့လည်း အဆိုပါတာဝန်ရှိသူ အမျိုးသမီးက သတိပေးခဲ့ပါတယ်။ "နောက်ဆုံးမှာတော့ ဥမင်လှိုဏ်ခေါင်းအဆုံးမှာ အလင်းရောင်ကို မြင်တွေ့ရပါပြီ၊ ပထမဆုံး ဥရောပဒေသတွင်း နိုင်ငံသားတွေဟာ ဒီဇင်ဘာလမကုန်ခင် ကာကွယ်ဆေးထိုးနှံပြီး ဖြစ်နိုင်ပါတယ်" လို့ ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen က ဥရောပလွှတ်တော်အမတ်တွေကို ပြောပါတယ်။



ဥရောပကော်မရှင်က ကမ္ဘာတစ်ဝန်းမှ အလားအလာကောင်းတဲ့ COVID-19 ကာကွယ်ဆေး ခြောက်မျိုးကို ထုတ်လုပ်သူတွေနဲ့ သဘောတူညီမှုများရရှိထားပြီး သတ္တမမြောက် ကာကွယ်ဆေးတစ်ခုရရှိရန်လည်း ဆောင်ရွက်နေကြောင်း သိရပါတယ်။ ကာကွယ်ဆေးဝယ်ယူရရှိရန် သဘောတူညီမှုတွေအရ ဥရောပလူဦးရေ သန်း ၄၆၀ ထက်ပိုများတဲ့ ကာကွယ်ဆေးအရေအတွက် သန်း ၈၀၀ ကျော်ရရှိလာမှာ ဖြစ်ပါတယ်။

(Photo: Reuters)

အမေရိကန်အခြေစိုက် Moderna ဆေးဝါးကုမ္ပဏီထံမှ ကာကွယ်ဆေးအလုံးရေ သန်း ၁၆၀ ဝယ်ယူရန် သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးသွားမယ်လို့ ဥရောပကော်ရှင်က အင်္ဂါနေ့ (နိုဝင်ဘာ ၂၄ ရက်) မှာ ပြောခဲ့ပါတယ်။ နောက်ဆုံးအဆင့် စမ်းသပ်မှုရဲ့ ကနဦးရလဒ်တွေအရ Moderna ကာကွယ်ဆေးဟာ COVID-19 ကို ၉၄.၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း ကုမ္ပဏီက ကြေညာထားပါတယ်။

နောက်ဆုံးမှာတော့ ဥမင်လှိုဏ်ခေါင်းအဆုံးမှာ အလင်းရောင်ကို မြင်တွေ့ရပါပြီ၊ ပထမဆုံး ဥရောပဒေသတွင်း နိုင်ငံသားတွေဟာ ဒီဇင်ဘာလမကုန်ခင် ကာကွယ်ဆေးထိုးနှံပြီး ဖြစ်နိုင်ပါတယ်

ကာကွယ်ဆေးရရှိလာတော့မှာ ဖြစ်ပေမဲ့ ဥရောပဒေသတွင်း နိုင်ငံသားတွေအနေနဲ့ ကူးစက်မှုထိန်းချုပ်ရေး စည်းမျဥ်းကန့်သတ်ချက်တွေကို ဆက်လက် လိုက်နာကြရန် Ursula von der Leyen က တိုက်တွန်းခဲ့ပါတယ်။ ထိုစည်းမျဥ်းကန့်သတ်ချက်တွေက စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေပြီး လူတွေကို ပုံမှန်သွားလာလှုပ်ရှားမှုမှာ ကသိကအောက်ဖြစ်စေပေမဲ့ ကူးစက်မှုထိန်းချုပ်နိုင်ရေး လိုက်နာကြရန်လိုအပ်တယ်လို့ သူမက ဆိုပါတယ်။

(ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen) (Photo: Politico)

"တစ်နေ့ကို လူ ၃,၀၀၀ နီးပါးလောက် သေဆုံးနေတယ်၊ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း COVID-19 က ဥရောပမှာ လူသေဆုံးမှုအဖြစ်ဆုံး နံပါတ်တစ်ပါ၊ ဆေးရုံတွေမှာ ရုန်းကန်နေရဆဲဖြစ်ပြီး အချို့နယ်မြေတွေမှာ အထူးကြပ်မတ်ကုသဆောင် (Intensive Care Unit - ICU) တွေ လူနာအပြည့် ဖြစ်နေပါတယ်" လို့ Ursula von der Leyen က ပြောခဲ့ပါတယ်။

"ကျွန်မတို့ နွေရာသီတုန်းက ကြုံခဲ့ကြရတာကနေ သင်ခန်းစာယူရပါမယ်၊ အလားတူ အမှားမျိုးတွေ ထပ်မဖြစ်စေဖို့ပါ၊ အလွန်အမင်း ဖြေလျှော့ပေးခြင်းက ခရစ်စမတ်အပြီးမှာ ကူးစက်မှုတတိယလှိုင်း ဖြစ်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်၊ ဒီခရစ်စမတ်က အရင်နှစ်တွေနဲ့မတူဘဲ အတော်လေး ကွာခြားပါလိမ့်မယ်" လို့ သူမက သုံးသပ်ခဲ့ပါတယ်။



က္က