လာမယ့် သီတင်းပတ်အတွင်း Pfizer-BioNTech ကာကွယ်ဆေး အလုံးရေ ၈၀၀,၀၀၀ ရရှိမှာဖြစ်ပါတယ်။

ဗြိတိန်က အမေရိကန်အခြေစိုက် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Pfizer နဲ့ ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို အများပြည်သူမှာထိုးနှံရန် ခွင့်ပြုချက်ပေးလိုက်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။

(Photo: PA Media)

COVID-19 ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင် Pfizer-BioNTech ကာကွယ်ဆေးကို ဗြိတိန် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန် ကြီးကြပ်ရေးဌာန (Medicines and Healthcare products Regulatory Agency - MHRA) က ယနေ့ (ဒီဇင်ဘာ ၂ ရက်) ခွင့်ပြုချက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဗြိတိန်က ဥရောပနဲ့ အမေရိကန်တို့ထက်အရင် Pfizer-BioNTech ကာကွယ်ဆေးကို အများပြည်သူသုံးအဖြစ် ခွင့်ပြုချက်ပေးခဲ့ပါတယ်။



ဗြိတိန်မှာ လာမယ့် သီတင်းပတ်အတွင်း Pfizer-BioNTech ကာကွယ်ဆေး အလုံးရေ ၈၀၀,၀၀၀ ရရှိမယ်လို့ ဆိုပါတယ်။ နောက်ထပ် ပိုမိုများပြားတဲ့ ကာကွယ်ဆေးပမာဏကိုတော့ နှစ်သစ်ကူးကာလအတွင်း ရရှိလာမယ်လို့ BBC သတင်းက ဖော်ပြထားပါတယ်။ ဗြိတိန်မှာ COVID-19 ကာကွယ်ဆေးထိုးနှံမှုတွေ ရက်ပိုင်းအတွင်း စတင်နိုင်မှာဖြစ်ပြီး သက်ကြီးရွယ်အိုတွေနဲ့ ကူးစက်ခံရမှုအန္တရာယ်မြင့်မားတဲ့ လူနာတွေကဲ့သို့ အလိုအပ်ဆုံးအုပ်စုကို ဦးစားပေး ထိုးနှံသွားမယ်လို့ သိရပါတယ်။

(Photo: AFP)

ဗြိတိန်အစိုးရက လူဦးရေ သန်း ၂၀ အတွက် COVID-19 ကာကွယ်ဆေး သန်း ၄၀ ကြိုတင်မှာကြားထားပါတယ်။ ကာကွယ်ဆေး ၁၀ သန်းဝန်းကျင်ကို မကြာမီ ရရှိလာနိုင်ပြီး လာမယ့် ရက်များအတွင်း ဗြိတိန်နိုင်ငံကို ပထမအသုတ် အလုံးရေ ၈၀၀,၀၀၀ ရောက်ရှိလာမှာဖြစ်ပါတယ်။ ဆေးရုံ ၅၀ မှာ ကာကွယ်ဆေးထိုးနှံရန် ပြင်ဆင်ထားပြီး ကာကွယ်ဆေးလက်ခံရယူရန် စောင့်ဆိုင်းနေကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကွတ်ခ်က ပြောပါတယ်။

Pfizer-BioNTech ကာကွယ်ဆေးကို ဥရောပနဲ့ အမေရိကန်မှာလည်း ယခုလအတွင်း ခွင့်ပြုချက်ရရှိလာနိုင်ပါတယ်။ Pfizer နဲ့ BioNTech တို့က ယခုနှစ်ကုန်မှာ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို အရေအတွက် သန်း ၅၀ နဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအရောက်မှာ ကာကွယ်ဆေး ၁.၃ ဘီလီယံဝန်းကျင် ထုတ်လုပ်နိုင်မယ်လို့ ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ သို့သော် ကာကွယ်ဆေး သယ်ယူပို့ဆောင်ရာမှာတော့ အပူချိန်ကို အနုတ် ၇၀ ဒီဂရီဆဲလ်စီးယပ်အောက်မှာ ထိန်းထားရမှာဖြစ်ရာ စိန်ခေါ်မှုတွေရှိနေပါတယ်။

ပုံမှန်ရေခဲသေတ္တာ အပူချိန်ဖြင့် သိုလှောင်ထိန်းသိမ်းထားနိုင်ပြီး သယ်ယူပို့ဆောင်ရာမှာ ပိုမိုလွယ်ကူတဲ့ ဗြိတိန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ် (Oxford University) နဲ့ AstraZeneca ဆေးဝါးကုမ္ပဏီတို့က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးပြီးပါက အများပြည်သူသုံးအြဖစ် ပိုမိုကျယ်ပြန့်တဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်တယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီးက မှတ်ချက်ပြုခဲ့ပါတယ်။

Oxford-AstraZeneca ကာကွယ်ဆေးဟာ COVID0-19 ကို ပျမ်းမျှအားဖြင့် ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ဈေးနှုန်းက အမေရိကန်ကာကွယ်ဆေးတွေထက် များစွာပိုမိုသက်သာပါတယ်။ နောက်ထပ် အမေရိကန်အခြေစိုက် Moderna ဆေးဝါးကုမ္ပဏီထုတ် ကာကွယ်ဆေးကလည်း COVID-19 ကို ၉၄.၁ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ဥရောပနဲ့ အမေရိကန်မှာ ခွင့်ပြုချက်စောင့်ဆိုင်းနေပါတယ်။

အမေရိကန်မှာလည်း လာမယ့် သီတင်းများအတွင်း Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးနှစ်မျိုးကို ခွင့်ပြုချက်ပေးသွားပြီး ကာကွယ်ဆေးထိုးနှံမှုများ ခရစ်မတ်မတိုင်မီ စတင်နိုင်မယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံကတော့ ၎င်းတို့ရဲ့ ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေး Sputnik V ရဲ့ ပထမအသုတ်ကို မော်စကိုမြို့တောင်ဘက်ရှိ ဆေးရုံတစ်ရုံသို့ ပေးပို့ခဲ့ပြီး အများပြည်သူကို ကာကွယ်ဆေးထိုးနှံမှုတွေ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စတင်ခဲ့ပြီဖြစ်ကြောင်း နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က