အမေရိကန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂,၀၀၀ အထက် ပုံမှန်တိုးလာနေခဲ့တာ သီတင်းနှစ်ပတ်ရှိပြီလို့ ဆိုပါတယ်။

အမေရိကန်မှာ ၂၄ နာရီအတွင်း COVID-19 ကူးစက်မှုများ တတိမြောက်နေ့အဖြစ် စံချိန်တင်အရေအတွက် မြင့်တက်လာခဲ့ပါတယ်။

(Photo: AFP)

ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်တဲ့ အမေရိကန်မှာ အားလပ်ရက်ရာသီအတွင်း နေ့စဥ် ကူးစက်မှုအသစ်များ တစ်ဟုန်ထိုး မြင့်တက်နေပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း ကူးစက်မှုတွေ သိသာစွာ ပြန်လည်မြင့်တက်နေတဲ့ အမေရိကန်မှာ Johns Hopkins တက္ကသိုလ်ရဲ့ ယမန်နေ့ (ဒီဇင်ဘာ ၅ ရက်) စာရင်းတွေအရ ကူးစက်ခံရသူ နောက်ထပ် ၂၃၀,၀၀၀ နီးပါး တိုးလာခဲ့ပြီး နေ့အလိုက်ကူးစက်မှု အမြင့်ဆုံး စံချိန်တင်ခဲ့ပါတယ်။



COVID-19 ကြောင့် သေဆုံးသူဦးရေကလည်း ဒီဇင်ဘာ ၅ ရက် တစ်ရက်တည်းမှာ ၂,၅၂၇ ဦးရှိခဲ့ကြောင်း သိရပါတယ်။ အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၂,၀၀၀ အထက် ပုံမှန်တိုးလာနေခဲ့တာ သီတင်းနှစ်ပတ်ရှိပြီလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျေးဇူးတော်နေ့အားလပ်ရက်မှာ အမေရိကန် သန်းနဲ့ချီပြီး ခရီးထွက်ခဲ့ကြပြီးနောက် ကူးစက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။

(Photo: AP)

အမေရိကန် အာဏာပိုင်တွေက ကျေးဇူးတော်နေ့အားလပ်ရက်မှာ ခရီးမထွက်ကြရန် ပန်ကြားခဲ့ပေမဲ့ လူဦးရေ သန်းနဲ့ချီ ခရီးသွားခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်မှာ ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် တောင်ပိုင်းတစ်ကြောနဲ့ ကုန်းတွင်းပိုင်းဒေသတွေမှာ စီးပွားရေးလုပ်ငန်းများနဲ့ သွားလာလှုပ်ရှားမှုများကို ကန့်သတ်ချက်အသစ်တွေ ယမန်နေ့က သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ရဲ့ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဆေးရုံကုတင်တွေ ပြည့်လုနီးပါးအခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကန့်သတ်ချက်အသစ်တွေအရ ကယ်လီဖိုးနီးယားပြည်နယ်ရှိ စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်စားသောက်ရန် ခွင့်မပြုဘဲ ဆံပင်ညှပ်ဆိုင်များနဲ့ အခြား စီးပွားရေးလုပ်ငန်း အများအပြားကိုလည်း ပိတ်ထားရမှာဖြစ်ပါတယ်။

(Photo: AP)

ကန့်သတ်ချက်အသစ်တွေဟာ စန်ဒီယေဂိုနဲ့ လော့စ်အိန်ဂျလိစ်မြို့များ၊ ဖရက်စ်နိုမြို့အပါအဝင် Central Vally ရဲ့ နေရာတွေမှာ အကျုံးဝင်ကြောင်း သိရပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရပြီး COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ဟာ လက်ရှိအချိန်အထိ ကမ္ဘာ့လူဦးရေ ၆၆ သန်းကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၁.၅ သန်းကျော်ပြီ ဖြစ်ပါတယ်။

ယခုအခါ စမ်းသပ်မှုတွေအရ ထိရောက်မှုရှိတဲ့ COVID-19 ကာကွယ်ဆေးများ ရရှိလာတော့မှာဖြစ်ပေမဲ့ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို သတိထားစောင့်ကြည့်ခြင်း မပြုတော့ဘဲ မနေကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတိပေးခဲ့ပါတယ်။

(ဝန်ကြီး ဒေါက်တာမြင့်ထွေး) (Photo: MoHS)

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း COVID-19 ကာကွယ်ဆေးဟာ ဝက်သက်ကာကွယ်ဆေးကဲ့သို့ တစ်ကြိမ်ထိုးပြီးပါက တစ်သက်တာနီးပါး ကာကွယ်ပေးနိုင်တာမျိုးမဟုတ်ဘူးလို့ ပြောထားပါတယ်။ ယခု ထွက်ရှိလာတဲ့ ကာကွယ်ဆေးတွေဟာ နှစ်ကြိမ်ထိုးနှံရတာဖြစ်ပြီး ထိုသို့ ထိုးပြီးပါလည်း မည်သည့် အချိန်ကာလအတိုင်းအတာအထိ COVID-19 ကို ကာကွယ်ပေးနိုင်ကြောင်း မသိရှိရသေးဘူးလို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က