ဘေးထွက်ဆိုးကျိုးတွေကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ကာကွယ်ဆေးမှာ ဝက်သက်ကာကွယ်ဆေးလို တစ်ကြိမ်ထိုးပြီးပါက တစ်သက်တာနီးပါးကာကွယ်နိုင်မယ့်ကာကွယ်ဆေးမျိုးမဟုတ်ဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် အခုထွက်ပေါ်လာတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ နှစ်ကြိမ်ထိုးပြီးပါကလည်း ဘယ်အချိန် အတိုင်းအတာကာလအထိ ကာကွယ်ပေးနိုင်တာကို မသိရှိရသေးဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။



အချို့နိုင်ငံတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးမျိုးစတင်ထိုးနှံတော့မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့လည်း ကာကွယ်ဆေးရဲ့ ချက်ချင်းဘေးထွက်ဆိုးကျိုးနဲ့ ရက်အတော်ကြာမှ ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်းသိရှိနိုင်မှာဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။ အခြားနိုင်ငံတွေမှာ ထိုးမယ့် ကာကွယ်ဆေးအချို့မှာ ကမ္ဘာမှာ အရင် တစ်ခါမှမသုံးဖူးသေးတဲ့ ပုံစံနဲ့ ထုတ်လုပ်ထားတဲ့အတွက် ဝန်ကြီးဌာနအနေနဲ့ သတင်းထောက်လှမ်းကာ အမြဲတမ်းသုံးသပ်မှာဖြစ်ပြီး ဒီကာကွယ်ဆေးတွေဟာ လက်တွေ့မှာ ဘယ်အတိုင်းအတာအထိ ကာကွယ်မှုပေးနိုင်မယ်ဆိုတာကိုလည်း ဆက်လက်လေ့လာသွားမယ်လို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ကာကွယ်ဆေးတစ်ခုထုတ်လုပ်ဖို့ဆိုရင် အနည်းဆုံး (၅) နှစ်ကနေ (၁၀) နှစ်ခန့်အထိ အချိန်ယူရပြီး အခုကိုဗစ်ဖြစ်လာမှသာ ကာကွယ်ဆေးထုတ်လုပ်မှုလုပ်ငန်းတွေကို ကမ္ဘာ့လိုအပ်ချက်အရ အမြန်ဆုံးထုတ်လုပ်ခွင့်ပေးတာဖြစ်တာကြောင့် ဘယ်လောက်ထိ အကာအကွယ်ပေးနိုင်သလဲဆိုတာတွေကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်တယ်လို့ အမျိုးသားအဆင့် ကာကွယ်ရေးဆိုင်ရာ အကြံပေးကော်မတီ ဒုဥက္ကဌ ဒေါက်တာစောဝင်းကလည်း အခုလိုသုံးသပ်ပြောဆိုပါတယ်။

“ ရာသီတုပ်ကွေးကာကွယ်ဆေးလို နောက်တစ်နှစ်ကျပြန်ထိုးရတာမျိုးလည်းဖြစ်နိုင်တယ်။ နောက်ဝက်သက်ကာကွယ်ဆေးလိုပဲ နှစ်ခါထိုးပြီးရင် တစ်သက်လုံးနီးပါးကာကွယ်တာမျိုးလည်းဖြစ်ချင်ဖြစ်သွားနိုင်တာပါပဲ။ အဲဒါက ပြောလို့မရဘူး။ စောင့်ကြည့်ရဦးမှာပါ” လို့ ဒေါက်တာစောဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကာကွယ်ဆေးထိန်းသိမ်းဖို့ အတွက် အထူးသတိပြုရမှာက အအေးလမ်းကြောင်း စနစ်ဖြစ်ပြီး လိုအပ်တဲ့အချက်တွေကိုလည်း ကြိုတင်ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့လည်း COVAX အစီအစဉ်အရ (၂၀၂၁)ခုနှစ်အတွင်း အများဆုံးရတဲ့ ကာကွယ်ဆေးပမာဏမှာ နိုင်ငံ့လူဦးရေရဲ့ (၂၀) ရာခိုင်နှုန်းအတွက်ပဲ ရရှိမှာဖြစ်ပြီး တစ်ကြိမ်တည်းနဲ့ အကုန်ရမှာမဟုတ်ဘူးလို့လည်း ဝန်ကြီးဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

ဒါကြောင့် ထပ်မံလိုအပ်မယ့် ပမာဏကို ဝယ်ယူဖို့အတွက် အမေရိကန်၊ ယူကေ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့နဲ့ ဆက်သွယ်နေပြီး နိုင်ငံတော်ဘဏ္ဍာငွေ၊ ကမ္ဘာ့ဘဏ်ချေးငွေတို့နဲ့ ဝယ်ယူဖို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက လမ်းညွှန်ချက်တွေလည်း ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က