Sputnik V ကာကွယ်ဆေးထိုးပြီးလျှင် အရက်၊ ဘီယာ၊ ဝိုင်သောက်ခြင်းကို သုံးရက်ကြာ ရှောင်သင့်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေး Sputnik V ထိုးပြီးပါ အရက်မသောက်ကြရန် ရုရှားအစိုးရတာဝန်ရှိသူတွေက သတိပေးခဲ့ကြောင်း သိရပါတယ်။

(Photo: EPA)

Sputnik V ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးလျှင် အရက်၊ ဘီယာ၊ ဝိုင်သောက်ခြင်းကို သုံးရက်ကြာ ရှောင်ကြဥ်သင့်တယ်လို့ ကာကွယ်ဆေးဖော်စပ်ခဲ့တဲ့ NF Gamaleya Federal Research Centre for Epidemiology and Microbiology မှ အကြီးအကဲ Alexander Ginzburg က ပြောခဲ့ကြောင်း ဗြိတိန်သတင်းစာ The Independent က ဖော်ပြပါတယ်။



ကာကွယ်ဆေးထိုးပြီးနောက် ခန္ဓာကိုယ်က COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တုံ့ပြန်ဖို့ ကိုယ်ခံစွမ်းအားရလာချိန်အထိ အရက်သောက်တာကို ရှောင်ကြဥ်ထားသင့်ပါတယ်

အစောပိုင်းမှာ ရုရှားထုတ် Sputink V ကာကွယ်ဆေးထိုးပြီးပါက ထိရောက်မှုရှိစေရန် အရက်သောက်ခြင်းကို လနဲ့ချီကြာ ရှောင်ကြဥ်ရန်လိုအပ်ကြောင်း သတင်းများထွက်ပေါ်နေခဲ့ရာ ထိုသို့ ရှောင်ကြဥ်စရာ မလိုအပ်ဘူးလို့ Alexander Ginzburg က တုံ့ပြန်ငြင်းဆိုခဲ့ပါတယ်။ မည်သို့ဆိုစေ အရက်ကို အလွန်အကျွံသောက်ခြင်းက မည်သည့်ကောင်းကျိုးမျှ မရှိဘူးလို့လည်း ၎င်းကဆိုပါတယ်။

(Alexander Ginzburg) (Photo: Ruptly TV)

"ဒါက အကျိုးသင့်အကြောင်းသင့် ကန့်သတ်ချက်တစ်ရပ် ဖြစ်ပါတယ်၊ ကာကွယ်ဆေးထိုးပြီးနောက် ခန္ဓာကိုယ်က COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တုံ့ပြန်ဖို့ ကိုယ်ခံစွမ်းအားရလာချိန်အထိ အရက်သောက်တာကို ရှောင်ကြဥ်ထားသင့်ပါတယ်" လို့ Alexander Ginzburg ရဲ့ ပြောကြားမှုကို Interfax သတင်းဌာနက ကိုးကားဖော်ပြခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ စားသုံးသူဘေးအန္တရာယ်ကင်းရေး စောင့်ကြည့်အဖွဲ့ Rospotrebnadzor မှ အကြီးအကဲ Anna Popova က Sputink V ကာကွယ်ဆေးနဲ့ အရက်သောက်ခြင်းတို့အပေါ် လမ်းညွှန်အကြံပြုခဲ့ပြီးနောက် Alexander Ginzburg ရဲ့ ယခုပြောကြားမှု ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: Ilya Pitalev/Sputnik)

Rospotrebnadzor အကြီးအကဲက Sputink V ကာကွယ်ဆေး ပထမအကြိမ် မထိုးမီ သီတင်းနှစ်ပတ်နဲ့ ထိုးပြီးနောက် ၄၂ ရက် စုစုပေါင်း ၅၆ ရက်ကြာ အရက်သောက်ခြင်းကို ရှောင်ကြဥ်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ Rospotrebnadzor အကြီးအကဲရဲ့ ထိုအကြံပြုချက်အပေါ် Sputink V ကာကွယ်ဆေးဖော်စပ်မှုကို ဦးဆောင်ခဲ့သူ Alexander Ginzburg က တုံ့ပြန်ငြင်းဆိုခဲ့ကာ ကာကွယ်ဆေးထိုးပြီးနောက် သုံးရက်ကြာမျှ အရက်မသောက်သင့်ဘူးလို့ ပြောလာခဲ့ပါတယ်။

ကျွန်မတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်ခံစွမ်းအားကောင်းချင်တယ်ဆိုရင် အရက်မသောက်ပါနဲ့

ရုရှားသတင်းဌာန TASS က ဖော်ပြမှုအရ ကာကွယ်ဆေးထိုးမယ့်သူတွေဟာ ပထမအကြိမ် ထိုးနှံမှုနဲ့ နောက်တစ်ကြိမ် ထိုးနှံမှုတို့ မတိုင်မီ ကူးစက်မှုအန္တရာယ် လျော့နည်းစေရေး သတ်မှတ်ထားတဲ့ ကြိုတင်ကာကွယ်မှုတွေကို သတိပြုလေ့လာကြရန် ပြောထားကြောင်း သိရပါတယ်။ အဆိုပါ ကြိုတင်ကာကွယ်မှုတွေအနက် လူစုလူဝေးရှောင်ခြင်း၊ အခြားလူတွေနဲ့ ထိတွေ့မှုရှောင်ခြင်း၊ လက်ဆေးခြင်း၊ mask တပ်ခြင်းနဲ့ အရက်သောက်ခြင်း သို့မဟုတ် ကိုယ်ခံစွမ်းအား ထိန်းချုပ်ဆေးများသောက်ခြင်းကို ရှောင်ကြဥ်ရန်တို့ ပါဝင်ပါတယ်။

(Rospotrebnadzor အကြီးအကဲ Anna Popova) (Photo: TASS)

"ကျွန်မတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်ခံစွမ်းအားကောင်းချင်တယ်ဆိုရင် အရက်မသောက်ပါနဲ့" လို့ Rospotrebnadzor အကြီးအကဲ Anna Popova ဒေသခံ ရေဒီယိုအစီအစဥ်ကို ပြောခဲ့ကြောင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားနေတဲ့ ရုရှားအွန်လိုင်းသတင်းစာ The Moscow Times က ဖော်ပြပါတယ်။ ရုရှားမှာ လူအမြောက်အမြားကို ပြည်တွင်းထုတ် Sputnik V ကာကွယ်ဆေးထိုးနှံမှုအစီအစဥ် ယနေ့ (ဒီဇင်ဘာ ၅ ရက်) မော်စကိုမြို့တော်ရှိ ဆေးရုံ၊ ဆေးခန်းတွေမှာ စတင်ခဲ့ပြီလို့ ဆိုပါတယ်။

ရုရှားဟာ COVID-19 ကူးစက်မှု သန်းနဲ့ချီ တွေ့ရှိရတဲ့ ကမ္ဘာ့နိုင်ငံတွေအနက် ပါဝင်ပါတယ်။ လက်ရှိအချိန်အထိ ရုရှားနိုင်ငံမှာ ကူးစက်ခံရသူ ၂.၅၄ သန်းကျော် တွေ့ရှိထားပြီး အမေရိကန်၊ အိန္ဒိယနဲ့ ဘရာဇီးတို့ပြီးလျှင် စတုတ္တမြောက် ကူးစက်မှုအများဆုံး ဖြစ်ပါတယ်။ ရုရှားမှာ COVID-19 ကြောင့် ‌သေဆုံးသူ ၄၄,၇၁၈ ဦးနဲ့ ပြန်လည်သက်သာသူ ၂ သန်းကျော်ရှိခဲ့ကြောင်းလည်း သိရပါတယ်။

Share

Loading Next Article...
က္က