Sinopharm ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှုတွေကို လူဦးရေ ၃၁,၀၀၀ နဲ့ ပြုလုပ်နေခဲ့ပါတယ်။

တရုတ်အစိုးရပိုင်ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတစ်မျိုးဟာ နောက်ဆုံးအဆင့်စမ်းသပ်မှုအရ COVID-19 ကနေ ၈၆ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက ပထမဆုံး ထုတ်ဖော်ပြောလိုက်ပါတယ်။

(Sinopharm ကာကွယ်ဆေး) (Photo: Reuters)

တရုတ်အစိုးရရဲ့ China National Pharmaceutical Group သို့မဟုတ် Sinopharm က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို တရားဝင်မှတ်ပုံတင် အသိအမှတ်ပြုလိုက်ကြောင်း ယူအေအီးနိုင်ငံ အစိုးရသတင်းဌာနက ဖော်ပြပါတယ်။ ယူအေအီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ Sinopharm ကာကွယ်ဆေးစမ်းသပ်မှုကို လေ့လာဆန်းစစ်ခဲ့ရာ ကြီးကြီးမားမား ဘေးအန္တရာယ်ကင်းမှု စိုးရိမ်စရာ မတွေ့ခဲ့ရဘူးလို့ သိရပါတယ်။



သို့သော် ယူအေအီး သို့မဟုတ် Sinopharm က ကာကွယ်ဆေးစမ်းသပ်မှုရလဒ် အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။ Sinopharm ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှုတွေကို လူဦးရေ ၃၁,၀၀၀ နဲ့ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ယခုကာကွယ်ဆေး စမ်းသပ်မှုရလဒ် အချက်အလက်တွေ ထုတ်ပြန်ခြင်းမရှိမှုနဲ့ Sinopharm ကုမ္ပဏီက ကာကွယ်ဆေးရဲ့ ထိရောက်မှု ရာခိုင်နှုန်းကို ကိုယ်တိုင်ကြေညာခြင်း မရှိမှုအပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။

(Rashid al-Maktoum ကာကွယ်ဆေးထိုးခဲ့စဥ်) (Photo: AFP/Getty Images)

ယူအေအီးမှာ Sinopharm ကာကွယ်ဆေး စမ်းသပ်မှုတွေကို ဇူလိုင်လမှာ စတင်ခဲ့ပြီး ထိုကာကွယ်ဆေးကို COVID-19 တိုက်ဖျက်ရေး ရှေ့တန်းမှပါဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းကဲ့သို့ အုပ်စုများအတွက် အရေးပေါ်သုံးအဖြစ် စက်တင်ဘာလအတွင်း ယူအေအီးအစိုးရ ခွင့်ပြုချက်ပေးခဲ့ပါတယ်။

ယူအေအီး ဒုတိယသမ္မတနဲ့ ဝန်ကြီးချုပ်ဖြစ်သူ ဒူဘိုင်းမြို့အုပ်ချုပ်ရေးမှူး Mohammed bin Rashid al-Maktoum အပါအဝင် ရဲ့ ထိပ်တန်းအဆင့် တာဝန်ရှိသူတွေက နိုဝင်ဘာလအတွင်း Sinopharm ကာကွယ်ဆေးထိုးခဲ့ကြပါတယ်။ ယူအေအီးမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၈၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၅၉၈ ဦးရှိခဲ့ပါတယ်။

(Sinovac ကာကွယ်ဆေး) (Photo: Reuters)

အရေးပေါ်အစီအစဥ်အရ တရုတ်နိုင်ငံသား ၁ သန်းကိုလည်း Sinopharm ကာကွယ်ဆေးထိုးပေးခဲ့ပြီး ဖြစ်ပါတယ်။ Sinopharm ကာကွယ်ဆေးဟာ နောက်ဆုံးအဆင့်စမ်းသပ်မှုတွေ လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး လေးမျိုးအနက် ပါဝင်ပါတယ်။ တရုတ်ကုမ္ပဏီ Sinovac Biotech ရဲ့ ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှုတွေကိုလည်း အင်ဒိုနီးရှား၊ ဘရာဇီးနဲ့ တူရကီတို့မှာလည်း လုပ်ဆောင်နေပါတယ်။

Sinovac ကာကွယ်ဆေးကို အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက စမ်းသပ်နေခဲ့ပြီး ဒီဇင်ဘာ ၆ ရက်နေ့မှာ ကာကွယ်ဆေး ၁.၂ သန်း လက်ခံရရှိခဲ့ကြောင်း သမ္မတဂျိုကိုဝီဒိုဒိုက ပြောခဲ့ပါတယ်။ နောက်ထပ် Sinovac ကာကွယ်ဆေး ၁.၈ သန်းကို လာမယ့် ဇန်နဝါရီလ အစောပိုင်းမှာ ရရှိရန်စီစဥ်ထားတယ်လို့လည်း အင်ဒိုနီးရှားသမ္မတက ဆိုပါတယ်။ Sinovac ကာကွယ်ဆေးရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီး ဘရာဇီးမှာစမ်းသပ်မှု ကြားဖြတ်ရလဒ်တွေကို ဒီဇင်ဘာလလယ်မှာ သိရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။



က္က