အမေရိကန် ရွေးကောက်ခံသမ္မတနဲ့ ရွေးကောက်ခံ ဒုတိယသမ္မတတို့ ဖြစ်ပါတယ်။

အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်နဲ့ ရွေးကောက်ခံ ဒုတိယသမ္မတ ကမ်မလာဟာရစ်တို့ နှစ်ဦးကို TIME မဂ္ဂဇင်းရဲ့ ၂၀၂၀ ခုနှစ်အတွက် "Person of the Year" အဖြစ် ရွေးချယ်လိုက်ကြောင်း ဒီဇင်ဘာ ၁၀ ရက်မှာ မဂ္ဂဇင်းက ထုတ်ပြန်ကြေညာပါတယ်။

(Photo: TIME)

ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်နဲ့ ကမ်မလာဟာရစ်တို့ဟာ နောက်ဆုံး ဆန်ခါတင် စာရင်းဝင်တွေကို ကျော်ဖြတ်ပြီး TIME မဂ္ဂဇင်းရဲ့ "Person of the Year" အဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ၎င်းတို့နဲ့အတူပါဝင်တဲ့ ဆန်ခါတင် စာရင်းဝင်တွေမှာ ကိုဗစ်တိုက်ဖျက်ရေး ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများနဲ့ ကူးစက်ရောဂါကျွမ်းကျင်သူ Anthony Fauci ၊ သမ္မတဒေါ်နယ်ထရန့်၊ လူမျိုးရေးခွဲခြားမှု တရားမျှတရေးလှုပ်ရှားမှုတို့ ဖြစ်ပါတယ်။



TIME မဂ္ဂဇင်းက အသက် ၇၈ နှစ်အရွယ် ဂျိုးဘိုင်ဒန်နဲ့ အသက် ၅၆ နှစ်အရွယ် ကမ်မလာဟာရစ်တို့ရဲ့ ဓာတ်ပုံတစ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြခဲ့ပြီး "Changing America's sotry" လို့ ခေါင်းစဥ်တပ်ထားပါတယ်။ ယခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်က Electoral College မဲအရေအတွက် ၃၀၆ မဲဖြင့် အနိုင်ရခဲ့ပြီး ထရန့်ကတော့ ၂၃၂ မဲရရှိခဲ့ပါတယ်။

(Photo: Reuters)

ဂျိုးဘိုင်ဒန်က ထရန့်ထက် အကြမ်းဖျင်းအားဖြင့် မဲအရေအတွက် ၇ သန်း ပိုမိုရရှိခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတထရန့်က လက်ရှိအချိန်အထိ ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်မခံသေးဘဲ မဲလိမ်လည်မှုတွေရှိလဲ့ကြောင်း အထောက်အထားမဲ့ ပြောဆိုနေခဲ့ပြီး တရားဥပဒေကြောင်းအရ အရေးဆိုမှုတွေ လုပ်ဆောင်ထားပါတယ်။

ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတဖြစ်လာမှာဖြစ်သလို ကမ်မလာဟာရစ်ကလည်း ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတအဖြစ် မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။ နာမည်ကျော် TIME မဂ္ဂဇင်းရဲ့ "Person of the Year" ရွေးချယ်ဖော်ပြမှုကို ၁၉၂၇ ခုနှစ်မှစပြီး နှစ်စဥ် ပြုလုပ်လေ့ရှိပါတယ်။

(Photo: TIME)

တစ်နှစ်အတွင်း အကောင်း သို့မဟုတ် အဆိုးဖြင့် သတင်းအဖြစ်ဆုံး လူပုဂ္ဂိုလ် သို့မဟုတ် လူတွေကို ဂုဏ်ပြုတဲ့အနေဖြင့် ထိုသို့ ရွေးချယ်ဖော်ပြတာ ဖြစ်ပါတယ်။ TIME မဂ္ဂဇင်းက ကဏ္ဍအလိုက် အလားတူ ဂုဏ်ပြုရွေးချယ်လေ့ရှိရာ ယခုနှစ်အတွက် Athlete of the Year အဖြစ် ဘတ်စကက်ဘော ကစားသမား LeBron James ကို ရွေးချယ်ခဲ့ပါတယ်။

တောင်ကိုရီးယား K-Pop အဆိုတော်အဖွဲ့ BTS ကလည်း Entertainer of the Year အဖြစ် TIME ရဲ့ ရွေးချယ်ဖော်ပြခြင်းခံရပါတယ်။ ၂၀၁၉ ခုနှစ်အတွက် TIME မဂ္ဂဇင်းရဲ့ "Person of the Year" ကတော့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဆယ်ကျော်သက်မိန်းကလေး ဂီတာသွန်းဘတ်ဂ် ဖြစ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က