ဂျာမနီ ကိုဗစ်ကာကွယ်ဆေးအစီအစဥ်အရ ဖော်စပ်ထုတ်လုပ်တဲ့ ကာကွယ်ဆေး သုံးမျိုးရှိပါတယ်။

ဂျာမနီနိုင်ငံမှ ဇီဝနည်းပညာကုမ္ပဏီ CureVac က ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးကို နောက်ဆုံးအဆင့်စမ်းသပ်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ကုမ္ပဏီက ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

(စမ်းသပ်အဆင့် CureVac ကိုဗစ်ကာကွယ်ဆေး) (Photo: Reuters)

ယခုစမ်းသပ်မှုက CureVac ကာကွယ်ဆေးရဲ့ ဘေးအန္တရာယ်ကင်းမှုနဲ့ COVID-19 ကို ကာကွယ်ပေးနိုင်တဲ့ ထိရောက်မှုရှိကြောင်းကို အကဲဖြတ် လေ့လာသွားမှာဖြစ်ပါတယ်။ ဥရောပနဲ့ လက်တင်အမေရိကမှာ ပြုလုပ်တဲ့ ကာကွယ်ဆေးစမ်းသပ်မှုမှာ လူဦးရေ ၃၅,၀၀၀ ကျော် ပါဝင်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။



ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှုက COVID-19 ကို ကာကွယ်နိုင်မှုနဲ့ ရောဂါလက္ခဏာ အသင့်အတင့်မှ ပြင်းထန်တဲ့ အခြေအနေမဖြစ်ရန် တားဆီးနိုင်မှုတို့ကို လက်တွေ့ပြသရန် ရည်ရွယ်ကြောင်း CureVac က ပြောပါတယ်။ CureVac ဟာ ဂျာမနီ COVID-19 ကာကွယ်ဆေးအစီအစဥ်အရ ဖော်စပ်ထုတ်လုပ်တဲ့ ကာကွယ်ဆေးသုံးမျိုးအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဂျာမန်အစိုးရက ကာကွယ်ဆေးအစီအစဥ်အတွက် ယူရိုငွေ သန်း ၇၅၀ (အမေရိကန်ဒေါ်လာ ၉၁၁ သန်း) ထောက်ပံ့ပေးထားပါတယ်။

(ဗြိတိန်မှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု) (Photo: Reuters)

ဂျာမန်ကာကွယ်ဆေး ၄၀၅ သန်းကို ဥရောပကော်မရှင်က ကြိုတင်ဝယ်ယူထားပြီ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးတွေအနက် အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ရဲ့ ကာကွယ်ဆေးကို အမေရိကန်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံအချို့မှာ အများပြည်သူထိုးနှံရန် ခွင့်ပြုချက်ပေးထားပြီး ဖြစ်ပါတယ်။

ဗြိတိန်မှာ Pfizer-BioNTech ကာကွယ်ဆေးထိုးနှံမှုတွေကို ဒီဇင်ဘာ ၈ ရက်နေ့မှာ စတင်ခဲ့ပြီး အမေရိကန်မှာလည်း ယနေ့ (ဒီဇင်ဘာ ၁၄ ရက်) စတင်မယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံကလည်း ၎င်းတို့ရဲ့ ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေး Sputnik V ကို အများပြည်သူအား ထိုးနှံပေးမှုတွေ စတင်နေခဲ့ပြီ ဖြစ်ပါတယ်။

(အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေးများ သယ်ယူပို့ဆောင်စဥ်) (Photo: AP)

အမေရိကန်အခြေစိုက် Moderna ကာကွယ်ဆေးကိုလည်း ဥရောပနဲ့ အမေရိကန်မှာ လာမယ့် သီတင်းပတ်များအတွင်း ခွင့်ပြုချက်ပေးလာနိုင်ပါတယ်။ နောက်ထပ် အမေရိကန်ကုမ္ပဏီ Johnson & Johnson (J&J) က ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးကိုလည်း နောက်ဆုံးအဆင့်စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။

ဗြိတိန်မှ Oxford-AstraZeneca ကလည်း နောက်ဆုံးအဆင့်စမ်းသပ်မှုတွေအရ ဘေးကင်းပြီး ထိရောက်မှုရှိကြောင်း သုတေသီတွေက အတည်ပြုထားပါတယ်။ ထိုအတောအတွင်း တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ ဘာရိန်းနိုင်ငံတို့က တရားဝင် ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရပါတယ်။

(ကိုဗစ်ကာကွယ်ဆေးအချို့ နှိုင်းယှဥ်ချက်)

နောက်ထပ် တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sinovac ရဲ့ ကာကွယ်ဆေးကိုလည်း အင်ဒိုနီးရှား၊ ဘရာဇီးအစရှိတဲ့ နိုင်ငံတွေမှာ နောက်ဆုံးအဆင့်စမ်းသပ်မှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။ အင်ဒိုနီးရှားက Sinovac ကာကွယ်ဆေး ပထမဆုံးအသုတ် ၁.၂ သန်း လက်ခံရရှိထားပြီး အများပြည်သူကို ထိုးနှံပေးမှုတွေ စတင်နိုင်ရန် စီစဥ်ဆောင်ရွက်နေပါတယ်။ Sinovac နဲ့ Sinopharm အပါအဝင် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးလေးမျိုးထက်မနည်းကို နောက်ဆုံးအဆင့်စမ်းသပ်မှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က