အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး ကာကွယ်ဆေးထိုးနှံမှုအစီအစဥ် ဖြစ်လာမယ်လို့ ဆိုပါတယ်။

အမေရိကန်မှာ ပထမဆုံးအကြိမ် အများပြည်သူကို COVID-19 ကာကွယ်ဆေးထိုးနှံမှု စတင်လိုက်ပြီဖြစ်ပြီး နိုင်ငံရဲ့ အကြီးဆုံး ကာကွယ်ဆေးထိုးနှံမှုအစီအစဥ် ဖြစ်လာမယ်လို့ ဆိုပါတယ်။

(ပထမဆုံး ကိုဗစ်ကာကွယ်ဆေးထိုးခဲ့သည့် အမေရိကန်သူနာပြု) (Photo: AP)

အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration - FDA) က Pfizer-BioNTech ကာကွယ်ဆေးကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ အရေးပေါ်သုံး (Emergency Use Authorisation - EUA) အဖြစ် ခွင့်ပြုချက်ပေးခဲ့ပြီးနောက် ယနေ့ (ဒီဇင်ဘာ ၁၄ ရက်) မှာ ကာကွယ်ဆေးထိုးနှံမှုတွေ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။



နယူးယော့ခ်ပြည်နယ် Long Island မှ အထူးကြပ်မတ်ကုသဆောင် သူနာပြုတစ်ဦးဟာ အမေရိကန်မှာ ပထမဆုံး ကာကွယ်ဆေးထိုးခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ Pfizer-BioNTech ကာကွယ်ဆေး ၃ သန်းနီးပါးကို အမေရိကန် ပြည်နယ်များသို့ ဖြန့်ဖြူးပေးပို့နေခဲ့ပြီး ယနေ့မှာ ဆေးရုံ ၁၅၀ နီးပါးက ကာကွယ်ဆေးများ လက်ခံရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

(Pfizer-BioNTech ကာကွယ်ဆေးဘူးများ) (Photo: AP)

အမေရိကန် COVID-19 ကာကွယ်ဆေးအစီအစဥ်အရ ဧပြီလမှာ လူဦးရေ သန်း ၁၀၀ ကို ကာကွယ်ဆေးထိုးပြီးရန် ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၆ သန်းကျော်နဲ့ သေဆုံးသူ ၃၀၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။

လတ်တလော သီတင်းများအတွင်းမှာလည်း အမေရိကန်ရဲ့ ကူးစက်မှု၊ သေဆုံးမှုနဲ့ ဆေးရုံတက်ရမှုတွေဟာ သိသာစွာ မြင့်တက်နေခဲ့ပြီး ဆေးရုံတက်နေရတဲ့ လူနာ ၁၀၉,၀၀၀ ကျော်ရှိနေပါတယ်။ အမေရိကန်မှာ စတင်ထိုးနှံပေးနေပြီဖြစ်တဲ့ COVID-19 ကာကွယ်ဆေးကို အမေရိကန်အခြေစိုက် Pfizer ဆေးဝါးကုမ္ပဏီနဲ့ ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့က ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်ပြီး နောက်ဆုံးအဆင့်စမ်းသပ်မှုတွေအရ ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း သိရပါတယ်။

(ပြည်နယ်များသို့ ကာကွယ်ဆေးပို့ဆောင်သည့်ယာဥ်တစ်စီး) (Photo: EPA)

"တနင်္လာနေ့မှာ ကာကွယ်ဆေးထိုးမယ့်နေရာ ၁၄၅ ခုကို ကာကွယ်ဆေးတွေရောက်မယ်လို့ မျှော်လင့်ပါတယ်၊ နောက်ထပ် နေရာ ၄၂၅ ခုကိုတော့ အင်္ဂါနေ့ (ဒီဇင်ဘာ ၁၅ ရက်) နဲ့ နောက်ဆုံး ၆၆ နေရာကိုတော့ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၆ ရက်) မှာ ရောက်မှာပါ" လို့ အမေရိကန် ပြည်နယ်အသီးသီးသို့ Pfizer-BioNTech ကာကွယ်ဆေး ဖြန့်ဖြူးပေးပို့မှုကို တာဝန်ယူကြီးကြပ်သူ ဗိုလ်ချုပ်ကြီး Gustave Perna က ပြောထားပါတယ်။

အမေရိကန်မှာ ပထမဆုံးအသုတ်အဖြစ် ကျန်းမာရေးဝန်ထမ်းများနဲ့ ပြုစုစောင့်‌ရှောက်ရေးစင်တာတွေမှာ ကာလရှည်ကြာရှိနေတဲ့ သက်ကြီးရွယ်အိုတွေကို အဓိကထားပြီး ကာကွယ်ဆေးထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ အမေရိကန် FDA က Pfizer-BioNTech ကာကွယ်ဆေးကို အသက် ၁၆ နှစ်နဲအထက် လူတွေမှာ အသုံးပြုနိုင်ကြောင်း ပြောခဲ့ပါတယ်။

(ကာကွယ်ဆေများပို့ဆောင်ရန် ပြင်ဆင်နေစဥ်) (Photo: AP)

Pfizer-BioNTech ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးရန် လိုအပ်ပြီး ပထမဆုံးအကြိမ်ထိုးပြီးနောက် ၂၁ ရက်အကြမှာ နောက်တစ်ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။ Pfizer နဲ့ BioNTech တို့က ယခုနှစ်ကုန်မှာ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို အရေအတွက် သန်း ၅၀ နဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအရောက်မှာ ကာကွယ်ဆေး ၁.၃ ဘီလီယံဝန်းကျင် ထုတ်လုပ်နိုင်မယ်လို့ ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။

သို့သော် ကာကွယ်ဆေး သယ်ယူပို့ဆောင်ရာမှာတော့ အပူချိန်ကို အနုတ် ၇၀ ဒီဂရီဆဲလ်စီးယပ်အောက်မှာ ထိန်းထားရမှာဖြစ်ရာ စိန်ခေါ်မှုအချို့ရှိနေပါတယ်။ အမေရိကန် FDA က ပြည်တွင်းအခြေစိုက် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Moderna ရဲ့ COVID-19 ကာကွယ်ဆေးကိုလည်း မကြာမီ ခွင့်ပြုချက်ပေးသွားမယ်လို့ ခန့်မှန်းရပါတယ်။

(Pfizer-BioNTech ကာကွယ်ဆေး ထိုးနှံမှုနဲ့ ကိုယ်ခံစွမ်းအားရရှိချိန် ဖော်ပြချက်)

Pfizer-BioNTech ကာကွယ်ဆေးကို အမေရိကန်မတိုင်မီ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့က ခွင့်ပြုချက်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။ ဗြိတိန်မှာတော့ Pfizer-BioNTech ကာကွယ်ဆေးထိုးနှံမှု‌များ ဒီဇင်ဘာ ၈ ရက်နေ့မှာ စတင်ခဲ့ပြီး Pfizer-BioNTech ကာကွယ်ဆေးကို သိသာထင်ရှားတဲ့ ဓာတ်မတည့်မှုဖြစ်ခဲ့ဖူးသူတွေ အနေနဲ့ မထိုးသင့်ကြောင်း Medicines and Healthcare products Regulatory Agency (MHRA) က အကြံပြုထားပါတယ်။ ကနေဒါနိုင်ငံကလည်း Pfizer-BioNTech ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးထားပြီဖြစ်ပြီး ပထမဆုံးအသုတ် ကာကွယ်ဆေး ၂၄၉,၀၀၀ ကို ယခုလအတွင်း လက်ခံရရှိမယ်လို့ ဆိုပါတယ်။

.

Share

Loading Next Article...
က္က