အင်ဒိုနီးရှားက တရုတ်ကုမ္ပဏီ Sinovac Biotech ရဲ့ ကာကွယ်ဆေး ၁.၂ သန်းကို လက်ခံရရှိထားပြီး ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတဂျိုကိုဝီဒိုဒိုက COVID-19 ကာကွယ်ဆေး ပထမဆုံးထိုးနှံမယ့်ပုဂ္ဂိုလ် ဖြစ်လာမယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံသားတွေကို COVID-19 ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးသွားမယ်လို့လည်း သမ္မတနန်းတော်ရဲ့ YouTube မှာ ယနေ့ (ဒီဇင်ဘာ ၁၆ ရက်) လွှင့်တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာ ဂျိုကိုဝီက ပြောထားပါတယ်။

(Photo: Reuters)

"လူတွေကြားမှာ ကာကွယ်ဆေးထိုးတာက ဘေးအန္တရာယ်ကင်းကြောင်း ယုံကြည်မှုမြှင့်တင်ဖို့ ကျွန်တော်ကိုယ်တိုင် ပထမဆုံး ကာကွယ်ဆေးထိုးသွားမှာပါ" လို့ သမ္မတဂျိုကိုဝီက ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံက တရုတ်ကုမ္ပဏီ Sinovac Biotech ရဲ့ ကာကွယ်ဆေး ၁.၂ သန်းကို ဒီဇင်ဘာ ၆ ရက်နေ့မှာ လက်ခံရရှိထားပြီး နောက်ထပ် ၁.၈ သန်းကို လာမယ့် ဇန်နဝါရီလ အစောပိုင်းမှာ ရရှိရန် အစိုးရက စီစဥ်ထားတယ်လို့ ဆိုပါတယ်။



အင်ဒိုနီးရှားက ပြည်တွင်းမှာ ကာကွယ်ဆေး ၁၅ သန်း ထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်းများကိုလည်း Sinovac ထံမှပင် ယခုလနှောင်းပိုင်းမှာ ရရှိမယ်လို့ သိရပါတယ်။ လာမယ့် ဇန်နဝါရီလမှာလည်း ကာကွယ်ဆေး သန်း ၃၀ ထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်းများ လက်ခံရရှိမယ်လို့ သမ္မတဂျိုကိုဝီက ပြီးခဲ့တဲ သီတင်းပတ်အတွင်း ပြောထားခဲ့ပါတယ်။

(Photo: Reuters)

Sinovac သို့မဟုတ် CoronaVac ကာကွယ်ဆေးကို အင်ဒိုနီးရှား၊ ဘရာဇီး၊ ချီလီနဲ့ တူရကီနိုင်ငံတို့မှာ နောက်ဆုံးအဆင့်စမ်းသပ်မှုများ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ကာကွယ်ဆေးကို အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက နောက်ဆုံးအဆင့်စမ်းသပ်မှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။

နောက်ဆုံးအဆင့်စမ်းသပ်မှု ရလဒ်များထွက်ပေါ်ချိန်မှာ အင်ဒိုနီးရှားနိုင်ငံ အစားအစာနဲ့ဆေးဝါး စောင့်ကြည့်ကွပ်ကဲရေးဌာန (Food and Drug Monitoring Agency - BPOM) က Sinovac ကာကွယ်ဆေးရဲ့ ထိရောက်မှု၊ ဘေးအန္တရာယ်ကင်းမှုနဲ့ အရည်အသွေးပိုင်းဆိုင်ရာတို့ကို တရားဝင် အသိအမှတ်ပြုသွားမယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အင်ဒိုနီးရှားမှာ လူထုစစ်တမ်းတစ်ခုမှာ ပြုလုပ်ခဲ့ရာ ပါဝင်ဖြေဆိုသူတွေရဲ့ ၆၅ ရာခိုင်နှုန်းက COVID-19 ကာကွယ်ဆေးထိုးမယ်လို့ ပြောခဲ့ကြပါတယ်။ သို့သော် ကာကွယ်ဆေးထိုးမယ့်သူတွေရဲ့ ၃၅ ရာခိုင်နှုန်းကသာ ဆေးဖိုးပေးရန် ဆန္ဒရှိကြတယ်လို့ သိရပါတယ်။

အစောပိုင်းမှာ အင်ဒိုနီးရှားအစိုးရက ကျန်းမာရေးဝန်ထမ်းများ၊ စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ ပြည်သူ့ဝန်ထမ်းများ စုစုပေါင်း ၃၂ သန်းဝန်းကျင်ကို အခမဲ့ ကာကွယ်ဆေးထိုးနှံပေးသွားပြီး ကျန်ရှိတဲ့ လူတွေကတော့ ကာကွယ်ဆေးဖိုးပေးရမယ်လို့ စီစဥ်ထားခဲ့တာ ဖြစ်ပါတယ်။ အစိုးရရဲ့ ထိုအစီအစဥ်ကို ပြည်သူလူထုကြား ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီး အခြားနိုင်ငံတွေမှာ ကာကွယ်ဆေးကို အခမဲ့ထိုးပေးကြောင်း ပြည်သူအချို့က ထောက်ပြခဲ့ကြပါတယ်။

(Photo: AP)

ထိုသို့ ‌‌ဝေဖန်ထောက်ပြမှုတွေ ရှိလာခဲ့ပြီးနောက်မှာတော့ COVID-19 ကာကွယ်ဆေးကို ပြည်သူလူထုအား အခမဲ့ထိုးနှံပေးမယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက ပြောလာခဲ့တာလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားက Sinovac Biotech ထံမှအပြင် အမေရိကန်ကုမ္ပဏီ Pfizer ၊ ဗြိတိန်မှ AstraZeneca နဲ့ COVAX ကာကွယ်ဆေးအစီအစဥ်တို့နဲ့လည်း COVID-19 ကာကွယ်ဆေးရရှိရန် လုပ်ဆောင်နေကြောင်း သိရပါတယ်။ လူဦးရေ သန်း ၂၇၀ ဝန်းကျင်ရှိတဲ့ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၆၀၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၀,၀၀၀ နီးပါးရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က