ဇန်နဝါရီလအတွင်း ဝူဟန်သို့သွားရောက်ပြီး စုံစမ်းစစ်ဆေးတွေ စတင်လုပ်ဆောင်သွားမယ်လို့ WHO က ပြောပါတယ်။

နိုင်ငံတကာမှ သိပ္ပံပညာရှင် ၁၀ ဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က လာမယ့် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံ ဝူဟန်မြို့သို့သွားရောက်ပြီး COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးတွေ စတင်လုပ်ဆောင်သွားမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြောပါတယ်။

(ဝူဟန်မြို့မှာ ဗိုင်းရပ်စ်စစ်ဆေးမှုဆောင်ရွက်ခဲ့စဥ်) (Photo: Roman Pilipey/EPA-EFE)

တရုတ်အစိုးရက ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်နဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစမ်းဆေးမှုကို ကန့်ကွက်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ WHO က ဝူဟန်မြို့မှာ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို လနဲ့ချီကြာ လုပ်ဆောင်ရန် ‌ဆွေးနွေးညှိနှိုင်းနေခဲ့ကြောင်းလည်း သိရပါတယ်။ COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်အလယ်ပိုင်း ဟူးဘေးပြည်နယ် ဝူဟန်မြို့ရှိ တောရိုင်းတိရိစ္ဆာန်များ ရောင်းချနေတဲ့ ဈေးတစ်ခုကနေ စတင်ပျံ့နှံ့လာခဲ့ကြောင်း ယူဆထားကြပါတယ်။



ကိုရိုနာဗိုင်းရပ်စ် အငြင်းပွားမှုတွေအလယ်က ဝူဟန်ဓာတ်ခွဲခန်း

အမေရိကန်အပါအဝင် အနောက်အုပ်စု နိုင်ငံအချို့ကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရှိ အရေးပါတဲ့ တရုတ်ဓာတ်ခွဲခန်းကနေ ထွက်လာခဲ့တယ်လို့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ထို့နောက် ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက်လာမှုနဲ့အတူ တင်းမာမှုတွေ ဖြစ်လာခဲ့ပြီး အထူးသဖြင့် တရုတ်နဲ့ အမေရိကန်တို့ကြား ထင်မြင်ယူဆချက်ကိုယ်စီဖြင့် အပြန်အလှန် အပြစ်တင်ကာ ဆက်ဆံရေးတင်းမာခဲ့ကြပါတယ်။

(ဗိုင်းရပ်စ် စတင်တဲ့နေရာအဖြစ် ယူဆထားသည့်ဈေး) (Photo: AP)

အမေရိကန်သမ္မတဒေါ်နယ်ထရန့် အစိုးရက တရုတ်အစိုးရဟာ ကနဦး ကူးစက်ဖြစ်ပွားမှုကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။ WHO အနေနဲ့ အပြစ်တင်ရန်ထက် နောက်ထပ် ကူးစက်ဖြစ်ပွားမှုတွေကို တားဆီးရန်ဖြစ်ကြောင်း ဝူဟန်မြို့ကိုသွားမယ့် ပညာရှင်အဖွဲ့မှ ဇီဝဗေဒပညာရှင်တစ်ဦးက AP သတင်းဌာနကို ပြောခဲ့ပါတယ်။

"ဒါက အပြစ်ရှိတဲ့ နိုင်ငံတစ်ခုကို ရှာဖွေဖို့မဟုတ်ပါဘူး၊ ဘာဖြစ်ခဲ့တယ်ဆိုတာကို သိနားလည်ဖို့အတွက်ပါ၊ ဒီလို သိရတဲ့အခါ အဲဒီအချက်အလက်တွေကို အခြေခံပြီး အနာဂတ်မှာ ကူးစက်ဖြစ်ပွားမှုအန္တရာယ် လျှော့ချဖို့ ကျွန်တော်တို့ ကြိုးစားနိုင်ပါတယ်" လို့ Robert Koch Institute မှ ပညာရှင် ဒေါက်တာ Fabian Leendert က ဆိုပါတယ်။



(ဝူဟန်ဓာတ်ခွဲခန်း) (Photo: AFP/Getty Images)

ယခု စုံစမ်းစစ်ဆေးမှုရဲ့ ရည်ရွယ်ချက်ဟာ မည်သည့်အချိန်မှာ ဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့ကြောင်းနဲ့ ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ဟာ ဝူဟန်မြို့မှာဟုတ် မဟုတ် သိရှိနိုင်ရန်ဖြစ်တယ်လို့ ၎င်းကပြောပါတယ်။ ဗိုင်းရပ်စ် မူလဇစ်မြစ်ကို သိရှိနိုင်ရန် ဝူဟန်မြို့မှာ စုံစမ်းစစ်ဆေးမှုလုပ်ငန်းဟာ ရက်သတ္တပတ် လေးပတ် သို့မဟုတ် ငါးပတ်ကြာမယ်လို့ ခန့်မှန်းထားပါတယ်။

ဝူဟန်ဓာတ်ခွဲခန်းနဲ့ ကိုရိုနာဗိုင်းရပ်စ်အကြောင်း ဓာတ်ခွဲခန်းအကြီးအကဲ ဘာပြောထားလဲ?

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အစောပိုင်းရက်ရက်တွေမှာ ထိုဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရှိ သားစိမ်ငါးစိမ်းဈေးကနေ ကူးစက်ခံရကြောင်းနဲ့ ထိုဈေးမှာ တိရိစ္ဆာန်မှလူသို့ ကူးစက်သွားခဲ့တယ်လို့ ယူဆထားပါတယ်။ သို့သော် ယခုအခါမှာ ကျွမ်းကျင်သူတွေက ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်နဲ့ ပတ်သက်ပြီး အခြား ဖြစ်နိုင်ခြေတွေကိုလည်း ထည့်သွင်းစဥ်းစားလာခဲ့ကြတယ်လို့ ဆိုပါတယ်။

(ဝူဟန်မြို့မှာ ဗိုင်းရပ်စ်စစ်ဆေးမှုဆောင်ရွက်ခဲ့စဥ်) (Photo: Héctor Retamal/AFP/Getty Images)

တရုတ်မီဒီယာတွေရဲ့ လတ်တလော သတင်းတွေက COVID-19 ဟာ တရုတ်ပြင်ပမှာ စတင်ခဲ့နိုင်ကြောင်း ဖော်ပြကြပါတယ်။ သို့သော် ထိုသတင်းတွေဟာ အခြေအမြစ်မရှိကြောင်းနဲ့ COVID-19 ကပ်ရောဂါဂယက်ကြောင့် တိုင်းပြည်ရဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြား ဂုဏ်သတင်းထိခိုက်ရမှုအပေါ် တရုတ်အစိုးရခေါင်းဆောင်များ စိုးရိမ်ပူပူန်မှုကို ထင်ဟပ်နေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

တရုတ်ဟာ COVID-19 စတင်ဖြစ်ပွားခဲ့တဲ့ နေရာဖြစ်ပေမဲ့ ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ၈၆,၀၀၀ ကျော်၊ သေဆုံးသူ ၄,၆၃၄ ဦးနဲ့ ပြန်လည်သက်သာသူ ၈၁,၀၀၀ ကျော်ရှိခဲ့ပါတယ်။ တရုတ်မှာ နေ့အလိုက် ကူးစက်မှုဟာလည်း ဂဏန်းနှစ်လုံး ရေအတွက်သာ တွေ့နေခဲ့ရပြီး အခြား နိုင်ငံအများအပြားထက် ကူးစက်မှုနှုန်း သိသာစွာ လျော့ကျသွားခဲ့ပြီ ဖြစ်ပါတယ်။



က္က