Pfizer-BioNTech ကာကွယ်ဆေးကို ပထမဆုံး စတင်ထိုးနှံတဲ့ အာရပ်နိုင်ငံ ဖြစ်လာပါတယ်။
Ko John

ဆော်ဒီအာရေဗျနိုင်ငံက အများပြည်သူကို COVID-19 ကာကွယ်ဆေးထိုးနှံမှုများ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စတင်ခဲ့ပြီး Pfizer-BioNTech ကာကွယ်ဆေးကို ထိုးနှံပေးတဲ့ ပထမဆုံး အာရပ်နိုင်ငံ ဖြစ်လာပါတယ်။

(Photo: Reuters)

ဆော်ဒီက ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၆ ရက်) မှာ ကာကွယ်ဆေးများ လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ ယခုသီတင်းပတ် အစောပိုင်းမှာ ဆော်ဒီကျန်းမာရေးအာဏာပိုင်တွေက နိုင်ငံသားတွေနဲ့ အခြေချနေထိုင်သူတွေကို ကာကွယ်ဆေးထိုးနှံမှု အစီအစဥ်အတွက် စာရင်းပေးကြရန် အသိပေးခဲ့ပါတယ်။ ဆော်ဒီအစိုးရက နိုင်ငံမှာရှိသူအားလုံးကို COVID-19 ကာကွယ်ဆေး အခမဲ့ထိုးပေးသွားမယ်လို့ ပြောထားပါတယ်။

ဆော်ဒီမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၃၆၀,၀၀၀ ခန့်နဲ့ သေဆုံးသူ ၆,၀၈၀ ဦးရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ လများအကြာမှာ ကူးစက်မှုထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ရုပ်သိမ်းခဲ့ပေမဲ့ ဆော်ဒီမှာ ကူးစက်မှုလှိုင်းအသစ်ကို ရှောင်ရှားနိုင်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(ဆော်ဒီ ကျန်းမာရေးဝန်ကြီး ကာကွယ်ဆေးအထိုးခံစဥ်) (Photo: AFP/Getty Images)

Pfizer-BioNTech ကာကွယ်ဆေး ပထမဆုံးအထိုးခံခဲ့သူတွေအနက် ဆော်ဒီ ကျန်းမာရေးဝန်ကြီး Tawfiq al-Rabiah လည်း ပါဝင်ခဲ့ပြီး မီဒီယာတွေရှေ့မှာ ကာကွယ်ဆေးအထိုးခံခဲ့တာ ဖြစ်ပါတယ်။ "ဒီနေ့က ဒီ COVID-19 အကျပ်အတည်းကနေ သက်သာရာရမှုရဲ့အစပါပဲ၊ ပြီးခဲ့တဲ့ ကိုးလမှာ ကူးစက်ခံရတဲ့ အတည်ပြုလူနာအရေအတွက် ကိန်းဂဏန်းကို စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ရပါတယ်၊ ဒါပေမဲ့ ဒီနေ့တော့ ကာကွယ်ဆေးထိုးသူ အရေအတွက်ကို ကျွန်တော် ပျော်ပျော်ကြီး စောင့်ကြည့်သွားမှာပါ" လို့ ကျန်းမာရေးဝန်ကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

(Photo: Reuters)

နိုင်ငံတစ်ဝန်းမှာ ကာကွယ်ဆေးထိုးနှံပေးတဲ့ နေရာတွေကို ပြင်ဆင်သွားမယ်လို့လည်း ၎င်းကဆိုပါတယ်။ ဆော်ဒီရဲ့ ကာကွယ်ဆေးအစီအစဥ်အရ ပထမအဆင့်မှာ COVID-19 ကူးစက်ခံရနိုင်ခြေအများဆုံး လူတွေကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ဒုတိယနဲ့ တတိယအဆင့်မှာတော့ အသက် ၅၀ နှစ်အထက်တွေကို အဓိကထား ထိုးနှံပေးသွားပြီး နောက်ပိုင်းမှာ နိုင်ငံရှိ လူအားလုံးကို COVID-19 ကာကွယ်ဆေးထိုးပေးသွားရန် ဆော်ဒီက စီစဥ်ထားပါတယ်။ 


Author


က္က