ကာကွယ်ဆေးဟာ ဘေးကင်းကြောင်း အာမခံမှုအဖြစ် ဒုသမ္မတ ကာကွယ်ဆေးထိုးမှုကို ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။

COVID-19 ကာကွယ်ဆေးထိုးနှံမှုအစီအစဥ် စတင်နေခဲ့ပြီဖြစ်တဲ့ အမေရိကန်မှာ ဒုတိယသမ္မတမိုက်ပင့်စ်နဲ့ ဇနီးတို့ ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) ကာကွယ်ဆေးထိုးခဲ့ပြီး အများပြည်သူသို့ ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပါတယ်။

(Photo: Mike Pence's Twitter)

အမေရိကန်မှာ စတင်ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးဟာ ဘေးအန္တရာယ်ကင်းကြောင်း အများပြည်သူကို အာမခံမှုအဖြစ် ဒုတိယသမ္မတမိုက်ပင့်စ် ကာကွယ်ဆေးထိုးမှုကို တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့တာလည်း ဖြစ်ပါတယ်။ "ကာကွယ်ဆေးကို ယုံကြည်လို့ ဒီမနက် ကျွန်တော်တို့ ဒီနေရာကို ရောက်လာခဲ့တာပါ" လို့ ၎င်းကဆိုပါတယ်။



"ကာကွယ်ဆေးထိုးတာ သိတောင် မသိလိုက်ဘူးဗျ" လို့လည်း အမေရိကန်ဒုတိယသမ္မတက အရွှန်းဖောက်ခဲ့ပါသေးတယ်။ "အမေရိကန်ပြည်သူတွေ ကာကွယ်ဆေးကို ယုံကြည်နိုင်ပါတယ်၊ ကျွန်တော်တို့မှာ ကာကွယ်ဆေးတစ်ခုရှိနေပြီ၊ နာရီပိုင်းအတွင်း ဘေးအန္တရာယ်ကင်းတဲ့ ကာကွယ်ဆေးနှစ်ခု ရှိလာနိုင်တယ်" လို့ အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration - FDA) က မကြာမီ ခွင့်ပြုချက်ပေးမယ်လို့ ခန့်မှန်းရတဲ့ Moderna ကာကွယ်ဆေးကို ရည်ညွှန်းပြီး မိုက်ပင့်စ်က ဖြည့်စွက်ပြောပါတယ်။

(Photo: Reuters)

ဒုတိယသမ္မတမိုက်ပင့်စ်ဟာ လက်ရှိအချိန်အထိ အမေရိကန်မှာ COVID-19 ကာကွယ်ဆေးထိုးခဲ့တဲ့ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပြသမှုအတွင်း ခွဲစိတ်ကုဆရာဝန် ဗိုလ်ချုပ်ကြီး ဂျရိုမီအဒမ်စ်ကလည်း ကာကွယ်ဆေးထိုးခဲ့ပါတယ်။ ဒုတိယသမ္မတမိုက်ပ့င်စ်၊ ၎င်းရဲ့ဇနီးနဲ့ ဗိုလ်ချုပ်ကြီးတို့ အားလုံးဟာ Pfizer-BioNTech ကာကွယ်ဆေးထိုးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ကလည်း လာမယ့် သီတင်းပတ်အတွင်း COVID-19 ကာကွယ်ဆေးထိုးသွားမယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ FDA က Pfizer-BioNTech ကာကွယ်ဆေးကို ဒီဇင်ဘာ ၁၁ ရက်နေ့က အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးခဲ့ပြီးနောက် ဒီဇင်ဘာ ၁၄ ရက်မှာ ကာကွယ်ဆေးထိုးနှံမှုတွေ စတင်ခဲ့ပါတယ်။

(Photo: Andrew Harnik/AP)

အမေရိကန် FDA က နောက်ထပ် COVID-19 ကာကွယ်ဆေးတစ်ခုဖြစ်တဲ့ Moderna ကာကွယ်ဆေးကိုလည်း အရေးပေါ်သုံးအဖြစ် မကြာမီ ခွင့်ပြုချက်ပေးသွားမယ်လို့ ခန့်မှန်းရပါတယ်။ Moderna ကာကွယ်ဆေးဟာ ဘေးအန္တရာယ်ကင်းပြီး COVID-19 ကို ကာကွယ်ပေးရာမှာ ၉၄ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း FDA ရဲ့ အကြံပေးအဖွဲ့က ထောက်ခံထားပါတယ်။

Pfizer-BioNTech ကာကွယ်ဆေးကတော့ COVID-19 ကို ကာကွယ်ပေးရာမှာ ၉၄ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း သိရပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၇ သန်းကျော်နဲ့ သေဆုံးသူ ၃၁၇,၀၀၀ ကျော်ရှိခဲ့ပါတယ်။

(Photo: Andrew Harnik/AP)

အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ ဒီဇင်ဘာ ၁၆ ရက်နေ့က စံချိန်တင် မြင့်တက်ခဲ့ပြီး ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၂၅၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃,၇၀၀ ကျော်ရှိခဲ့ကြောင်း Johns Hopkins တက္ကသိုလ် စာရင်းတွေအရ သိရှိရပါတယ်။ အမေရိကန်မှာ ကူးစက်မှုများ အကြီးအကျယ် မြင့်တက်နေခဲ့တာ ယခုအခါ တစ်လကျော်ပြီဖြစ်ပြီး ဆေးရုံတက်ရတဲ့ COVID-19 လူနာဦးရေဟာလည်း လက်ရှိ ၁၁၃,၀၀၀ ဦးရှိပြီး အများဆုံး စံချိန်သစ်ဖြစ်တယ်လို့ Department of Health and Human Services ထံမှ အချက်အလက်တွေက ဖော်ပြပါတယ်။

.

Share

Loading Next Article...
က္က