ဩစတြေးလျသို့ လာရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံမှ ခရီးသွားနှစ်ဦးထံမှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် တွေ့ရှိခဲ့ပါတယ်။

ဗြိတိန်နိုင်ငံမှာ တွေ့ရှိထားတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကို ဩစတြေးလျနိုင်ငံမှာ စစ်ဆေးတွေ့ရှိလာရကြောင်း တာဝန်ရှိသူတွေက ယနေ့ (ဒီဇင်ဘာ ၂၁ ရက်) ပြောပါတယ်။

ဩစတြေးလျနိုင်ငံ New South Wales (NSW) ပြည်နယ်သို့ လာရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံမှ ခရီးသွားနှစ်ဦးထံမှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးလုံးကို အသွားအလာကန့်သတ်ပြီး သီးခြားခွဲထားကြောင်း သိရပါတယ်။ နောက်ဆက်တွဲ သတင်းတွေအရ ဗြိတိန်မှ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကို ဩစတြေလျးအပြင် ဒိန်းမတ်၊ အီတလီ၊ နယ်သာလန်တို့မှာလည်း တွေ့ရှိခဲ့ကြောင်း သိရပါတယ်။



ဗြိတိန်မှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်မှုကို မထိန်းချုပ်နိုင်ဖြစ်နေ

ဗြိတိန်နှစ်ဦးထံမှာ ဗိုင်းရပ်စ်အသစ် တွေ့ရှိရမှုက ဆစ်ဒနီမြို့မှာ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေခြင်း ဆက်နွယ်နေခြင်းမရှိဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ဗြိတိန်မှာ တွေ့ရှိလာရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ အစောပိုင်း လေ့လာမှုတွေအရ ကူးစက်မှု ၇၀ ရာခိုင်နှုန်း ပိုမြန်ကြောင်းနဲ့ အသေးစိတ် ဆက်လက်လေ့လာနေကြောင်း ဗြိတိန်ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို အဓိအားဖြင့် အင်္ဂလန်တောင်ပိုင်းမှာ တွေ့ခဲ့ရတယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကွတ်ခ်က ဆိုပါတယ်။ ကျွမ်းကျင်သူတွေအနေနဲ့ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ကနေ မျိုးဗီဇပြောင်းပြီး အသစ်ဖြစ်လာတဲ့ ဗိုင်းရပ်စ်အကြောင်းကို များစွာမသိနိုင်သေးပါဘူး။ သို့သော် လက်ရှိ ကာကွယ်ဆေးတွေက မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ထိရောက်တဲ့ ကာကွယ်မှုပေးနိုင်ဆဲဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဗြိတိန်မှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိလာရမှုနဲ့အတူ ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်နေခဲ့ရာ ခရစ်စမတ်ကာလအတွင်း လန်ဒန်တစ်မြို့လုံး၊ အင်္ဂလန်အရှေ့နဲ့ အရှေ့တောင်ပိုင်း၊ ‌‌ဝေးလ်တို့မှာ ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေး အတင်းကျပ်ဆုံးနဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၄ (tier four) lockdown ကန့်သတ်ချက်များ ထုတ်ပြန်ထားပါတယ်။

ယခုအခါ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ ဂရိ၊ စပိန်၊ နယ်သာလန်၊ ပိုလန်၊ ဖင်လန်၊ ဩစတြီးယား အပါအဝင် ဥရောပနိုင်ငံ အများအပြားက ဗြိတိန်မှ လေကြောင်းခရီးစဥ်တွေကို ပိတ်ပင်ခဲ့ပါတယ်။ ထို့အတူ ဥရောပပြင်ပနိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ အီရန်နဲ့ ဆော်ဒီအာရေဗျကဲ့သို့ နိုင်ငံတွေကလည်း ဗြိတိန်မှ ခရီးသည်လာရောက်မှုကို ပိတ်ပင်လိုက်ပါတယ်။ ဒါ့အပြင် ဟောင်ကောင်နဲ့ အိန္ဒိယတို့ကလည်း ဗြိတိန်မှ လေကြောင်းခရီးစဥ် လာရောက်မှုတွေကို ပိတ်ပင်ထားမယ်လို့ ဆိုပါတယ်။

ဗြိတိန်မှာတွေ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ယနေ့ အထူးသတိပြုရန် သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို 'VUI - 202012/01' လို့ ခေါ်ဝေါ်ကြောင်းနဲ့ ပိုမိုကူးစက်ပျံ့နှံ့လွယ်ကြောင်း ဝန်ကြီးဌာနက ပြောထားပါတယ်။

ပိုမိုလျင်မြန်စွာ ကူးစက်နိုင်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိရတာကြောင့် ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါကာကွယ်ရေး စည်းမျဥ်းများကို ယခုထက်ပိုပြီး တိကျစွာလိုက်နာရန် လိုအပ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က