ဗြိတိန်မှာ ကျောင်းတက်နေပြီး စင်ကာပူကိုပြန်လာတဲ့ ကျောင်းသူတစ်ဦး ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာ ဗြိတိန်မှ ပိုမိုကူးစက်မြန်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ပထမဆုံး ကူးစက်ခံရသူတစ်ဦး စစ်ဆေးတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန (Ministry of Health - MOH) က ဒီဇင်ဘာ ၂၃ ရက် နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

(Photo: Reuters)

ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူဟာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး သူမက ဩဂုတ်လမှစပြီး ဗြိတိန်မှာ ကျောင်းတက်နေခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ကျောင်းသူဟာ စင်ကာပူကို ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြန်ရောက်လာခဲ့ပြီးနောက် အသွားအလာကန့်သတ် နေထိုင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့မှာတော့ သူမဟာ ကိုယ်ပူချိန်တက်လာခဲ့ပြီးနောက် ဒီဇင်ဘာ ၈ ရက်နေ့မှာ COVID-19 ရှိနေကြောင်း အတည်ပြုခဲ့တယ်လို့ MOH က ပြောပါတယ်။



ဗြိတိန်မှာတွေ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်အကြောင်း ဘာတွေသိထားပြီလဲ?

ထိုကျောင်းသူနဲ့ ထိတွေ့ခဲ့သူ အားလုံးကို အသွားအလာကန့်သတ်ထားရှိခဲ့ပြီး စစ်ဆေးခဲ့ရာ ကူးစက်ခံရမှု မရှိခဲ့ကြောင်း သိရပါတယ်။ ဗြိတိန်မှ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရတဲ့ အမျိုးသမီးဟာ စင်ကာပူကိုပြန်ရောက်ချိန်မှာ အသွားအလာကန့်သတ်ပြီး သီးခြားခွဲထားခဲ့တာကြောင့် သူမထံကနေ နောက်ထပ် ကူးစက်မှုတွေ မရှိခဲ့ဘူးလို့ MOH က ပြောပါတယ်။

(Photo: MediaCorp/CNA)

စင်ကာပူနိုင်ငံအတွင်း ပြည်သူလူထုကြား ဗြိတိန်မှာတွေ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေတဲ့ အထောက်အထား လောလောဆယ် မတွေ့ရကြောင်းလည်း MOH က ထုတ်ပြန်ထားပါတယ်။ ဥရောပမှ စင်ကာပူသို့ နိုဝင်ဘာ ၁၇ ရက်နဲ့ ဒီဇင်ဘာ ၁၇ ရက်ကြားမှာ ရောက်ရှိလာသူတွေကို စစ်ဆေးခဲ့ရာ စုစုပေါင်း ပြည်ကူးစက်မှု ၃၁ ခုတွေ့ခဲ့ရပြီး ၎င်းတို့အနက် ဗြိတိန်မှ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရတဲ့ ကျောင်းသူလည်းပါဝင်ပါတယ်။

ကျန်ရှိတဲ့ ကူးစက်ခံထားရသူ ၃၀ ဦးအနက် ၁၂ ဦးဟာ ဗြိတိန်မှ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ၎င်းတို့အနက်မှ ငါးဦးကတော့ ကူးစက်ခံထားရတဲ့ ဗိုင်းရပ်စ်ပမာဏ နည်းပါးတဲ့အတွက် စစ်ဆေးမှု မလုပ်ဆောင်နိုင်သေးပါဘူး။ နောက်ထပ် ၁၁ ဦးရဲ့ ပဏာမ စစ်ဆေးမှုရလဒ်ကတော့ ၎င်းတို့ဟာ ဗြိတိန်မှ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရကြောင်း တွေ့ရှိထားပါတယ်။ ကူးစက်ခံသူ နှစ်ဦးကိုတော့ ကိုရိုနာဗိုင်းရပ်စ်အသစ်ရှိ မရှိ မစစ်ဆေးရသေးကြောင်း MOH က ပြောပါတယ်။

(Photo: AFP)

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် တွေ့ရှိရတဲ့ ဗြိတိန်မှာ နောက်ထပ် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုး ကူးစက်ခံရသူနှစ်ဦး ထပ်မံတွေ့ရှိလာရပြီး ၎င်းတို့ဟာ တောင်အာဖရိကနိုင်ငံသို့ ခရီးသွားခဲ့သူတွေဖြစ်ကြောင်း သိရပါတယ်။ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်အသစ်ဟာ လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေပြီး နိုင်ငံရဲ့ နေရာဒေသတွေမှာ အဓိကတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်လာကြောင်း တောင်အာဖရိကမှ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဗြိတိန်မှာ ကူးစက်မှုပိုမြန်တဲ့ နောက်ထပ် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုး ထပ်မံတွေ့ရှိရ

ဗြိတိန်နဲ့ တောင်အာဖရိကမှာ တွေ့ရှိရတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ် နှစ်မျိုးလုံးမှာ N501Y ခေါ် မျိုးဗီဇပြောင်းမှုရှိပြီး ၎င်းဟာ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ရဲ့ ဆဲလ်များအတွင်းသို့ ကူးစက်ဝင်ရောက်ရန် အသုံးပြုတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဗြိတိန်နဲ့ တောင်အာဖရိကမှာ တွေ့ရှိလာရတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ် နှစ်မျိုးလုံးဟာ ပိုမိုကူးစက်မြန်ကြောင်း Public Health England (PHE) မှ ပါမောက္ခ ဆူဇန်ဟော့ပ်ကင်းစ်က ပြောပါတယ်။

(Photo: AFP)

သို့သော် ဒီဇင်ဘာ ၂၀ ရက်နေ့အထိ လေ့လာတွေ့ရှိထားမှုအရ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်က COVID-19 ရောဂါ ပိုမိုပြင်းထန်စေမှု သို့မဟုတ် ပိုမိုသေဆုံးစေနိုင်မှုတို့ ဖြစ်နိုင်တဲ့ အထောက်အထား မတွေ့ရဘူးလို့ PHE က ပြောထားပါတယ်။ ထို့အတူ ဗြိတိန်မှာ ထိုးနှံပေးနေတဲ့ Pfizer-BioNTech ကာကွယ်ဆေးက ဗိုင်းရပ်စ်အသစ်ကို ကာကွယ်မပေးနိုင်တဲ့ အထောက်အထား မတွေ့ရကြောင်း PHE မှ ပါမောက္ခ ဆူဇန်ဟော့ပ်ကင်းစ်က ဆိုပါတယ်။ PHE က ဗိုင်းရပ်စ်အသစ်နဲ့ ပတ်သက်ပြီး ပိုမိုသိရှိနားလည်နိုင်ရန် ဆက်လက် လေ့လာနေဆဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က