ဥရောပက ၂၀၂၁ ခုနှစ်အတွင်း အရွယ်ရောက်ပြီးသူအားလုံးကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းထားပါတယ်။

ဥရောပတစ်လွှား COVID-19 ကာကွယ်ဆေးထိုးနှံမှုတွေ ယနေ့ (ဒီဇင်ဘာ ၂၇ ရက်) စတင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ဥရောပအဖွဲ့ဝင် ၂၇ နိုင်ငံသို့ Pfizer-BioNTech ကာကွယ်ဆေးများ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen က ယမန်နေ့ (ဒီဇင်ဘာ ၂၆ ရက်) မှာ ပြောကြားခဲ့ပြီး ထိုနေ့မှာပင် ဥရောပနိုင်ငံအချို့က ကာကွယ်ဆေးထိုးနှံမှု စတင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လတ်တလောမှာလည်း ဥရောပနိုင်ငံ အားလုံးနီးပါးမှာ တင်းကျပ်တဲ့ lockdown အစီအမံများ သတ်မှတ်ထုတ်ပြန်ပြီး ကူးစက်မှုထိန်းချုပ်ရန် ကြိုးပမ်းနေကြရပါတယ်။



ဒါ့အပြင် ဗြိတိန်မှ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေလည်း ဥရောပနိုင်ငံတွေမှာ တွေ့ရှိလာရပါတယ်။ လက်ရှိအချိန်အထိ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေကို ဩစတြေးလျ၊ ဒိန်းမတ်၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ လက်ဘနွန်၊ နယ်သာလန်၊ နိုင်ဂျီးရီးယား၊ စင်ကာပူ၊ စပိန်၊ တောင်အာဖရိက၊ ဆွီဒင်၊ ဗြိတိန်တို့မှာ တွေ့ရှိထားကြောင်း သိရပါတယ်။

(Photo: AP)

လူဦးရေ သန်း ၄၅၀ နီးပါးရှိတဲ့ ဥရောပဟာ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတွေထံမှ COVID-19 ကာကွယ်ဆေး ၂ ဘီလီယံကျော် ဝယ်ယူရရှိရန် သဘောတူစာချုပ်များ ချုပ်ဆိုထားပြီး လာမယ့် ၂၀၂၁ ခုနှစ်အတွင်း အရွယ်ရောက်ပြီးသူအားလုံးကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းထားပါတယ်။ ဥရောပဆေးပညာဌာန (European Medicines Agency - EMA) နဲ့ ဥရောပကော်မရှင်တို့က Pfizer-BioNTech ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာ ကာကွယ်ဆေးထိုးနှံမှုများ စတင်ခဲ့တာဖြစ်ပါတယ်။

(Photo: Reuters)

ဥရောပဒေသတွင်းမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁၄ သန်းကျော်နဲ့ သေဆုံးသူ ၃၃၅,၀၀၀ ကျော်ရှိခဲ့ပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးကို ဥရောပမတိုင်မီ ဗြိတိန်၊ အမေရိကန်၊ ဆော်ဒီအာရေဗျ၊ အစ္စရေးကဲ့သို့ နိုင်ငံတွေမှာလည်း စတင်ထိုးနှံပေးနေခဲ့ပါတယ်။ နှစ်ကြိမ်ထိုးနှံရတဲ့ Pfizer-BioNTech ကာကွယ်ဆေးဟာ COVID-19 ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်းနဲ့ ပထမဆုံးအကြိမ် ထိုးနှံပြီးနောက် ၂၁ ရက်အကြာမှာ နောက်တစ်ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က