မိုးသည်းထန်ပြီး ရေကြီးမှုတွေ နေရာအနှံ့အပြားမှာ ဖြစ်ပေါ်ခဲ့ပါတယ်။

ဗြိတိန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်များအတွင်း မုန်တိုင်းဘယ်လာ (Storm Bella) တိုက်ခတ်မှုနဲ့အတူ နေရာအနှံ့အပြားမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး လေတိုက်နှုန်းဟာ တစ်နာရီလျှင် မိုင် ၁၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။

(Photo: Greg Blatchford)

မုန်တိုင်းတိုက်ခတ်စဥ် အမြင့်ဆုံး လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၀၆ မိုင်အထိ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဗြိတန်မိုးလေဝသဌာန Met Office က မြောက်အိုင်ယာလန်နဲ့ ဝေးလ်မြောက်ပိုင်း၊ အင်္ဂလန်အနောက်မြောက်ပိုင်းနဲ့ စကော့တလန်တောင်ပိုင်းတို့မှာ ဆီးနှင်းကျမှုနဲ့ ရေခဲမှုအတွက် အဝါရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။



ရာသီဥတုအခြေအနေကြောင့် အင်္ဂလန်တောင်ပိုင်းမှာ ရထားခရီးစဥ်များ ရွှေ့ဆိုင်းထားခဲ့ပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုန်းမောက်နဲ့ ဆောက်သမ်တန်ကြား ရထားလမ်းရေကြီးနေခဲ့ကြောင်းနဲ့ ရထားခရီးစဥ်များ ရွှေ့ဆိုင်းထားကြောင်း South Western Railway က ပြောပါတယ်။ မုန်တိုင်းကြောင့် ရေကြီးမှုတွေ ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) အထိ ဆက်လက်ဖြစ်ပေါ်နေနိုင်ကြောင်း သတိပေးထားပါတယ်။

(Photo: Pavement For People)

သီတင်းပတ်ကုန်ရက်များအတွင်း တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဘယ်လာကြောင့် ဝေးလ်မှာ နေအိမ် ၂၁,၀၀၀ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပြီး တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၇ ရက်) မနက်ပိုင်းအထိ နေအိမ် ၁,၇၀၀ ဟာ ဓာတ်အားပြန်မရသေးကြောင်း Western Power ကုမ္ပဏီက ပြောပါတယ်။

အင်္ဂလန်ရှိ Bedfordshire နဲ့ Northamptonshire တို့မှာ ခရစ်စမတ်ကာလမှာကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်နေခဲ့ကြောင်းလည်း သိရပါတယ်။ Bedfordshire မှာ River Great Ouse မြစ် (River Great Ouse) အနီးရှိ နေအိမ် ၁,၃၀၀ မှ ဒေသခံတွေကို ခရစ်စမတ်နေ့မှာ မြစ်ရေကြီးခဲ့ပြီးနောက် တာဝန်ရှိသူတွေက ရွှေ့ပြောင်းကြရန် အကြံပြုခဲ့ပါတယ်။

(Photo: Reuters)

Bedford Borough အုပ်ချုပ်ရေးမှူး Dave Hodgson က BBC Radio 5 Live ကို ပြောကြားမှုအရ မြစ်ကမ်းအနီးရှိ နေအိမ်အလုံး ၄၀ ခန့်ဟာ ရေကြီးမှုကြောင့် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ရေကြီးမှုတွေဟာ ယမန်နေ့အထိ ဆက်လက်ဖြစ်ပေါ်နေခဲ့ပြီး တဖြည်းဖြည်း ရေပြန်ကျသွားမယ်လို့ ယူဆရကြောင်း ၎င်းကဆိုပါတယ်။

Northamptonshire မှာလည်း Nene မြစ် (River Nene) မြစ်ရေကြီးမှု ဖြစ်ပေါ်နေခဲ့ပြီး ခရစ်စမတ်နေ့က ရေကြီးမှုကြောင့် လူ ၁,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရပါတယ်။ အင်္ဂလန်မှာ နောက်ထပ် ရေကြီးမှုသတိပေးချက် ၁၁၀၊ ဝေးလ်မှာ ၃ ခုနဲ့ စကော့တလန်မှာ ၂ ခု ထုတ်ပြန်ထားပါတယ်။

(Photo: Joe Giddens/PA)

Met Office က ထုတ်ပြန်မှုအရ မြောက်အိုင်ယာလန်၊ ဝေးလ်မြောက်ပိုင်း၊ အင်္ဂလန်အနောက်မြောက်ပိုင်းနဲ့ စကော့တလန်တောင်ပိုင်းရှိ ကားလမ်းနဲ့ ရထားလမ်းတွေမှာ ဆီးနှင်းကျမှုနဲ့ ရေခဲမှုတွေ ဒီဇင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီအထိ ဆက်လက် ဖြစ်ပေါ်နေနိုင်ကြောင်း သိရပါတယ်။ မုန်တိုင်းဘယ်လာဟာ ယခုနှစ် ဆောင်းရာသီမှာ Met Office က မုန်တိုင်းအဆင့်အဖြစ် တရားဝင်သတ်မှတ် အမည်တပ်ခဲ့တဲ့ ဒုတိယမြောက် ရာသီဥတုဆိုးရွားမှုဖြစ်စဥ်လည်း ဖြစ်လာပါတယ်။

.

Share

Loading Next Article...
က္က