ဗြိတိန်မှာ ရက်ပိုင်းအတွင်း တရားဝင်ခွင့်ပြုချက် ရရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။
Ko John

ဗြိတိန်အခြေစိုက် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ AstraZeneca နဲ့ အောက်စ်ဖို့တက္ကသိုလ် (Oxford University) နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးက လတ်တလော ကူးစက်မှုတွေ လျင်မြန်စွာ မြင့်တက်နေတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကို ထိရောက်တဲ့ ကာကွယ်မှုပေးနိုင်မယ်လို့ သုတေသီတွေက ယုံကြည်ကြောင်း ကုမ္ပဏီအကြီးအကဲက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပြောပါတယ်။

(Photo: Oxford University)

နှိုင်းယှဥ်မှုအရ အခြား COVID-19 ကာကွယ်ဆေးတွေနဲ့ ဈေးနှုန်းများစွာသက်သာတဲ့ Oxford-AstraZeneca ကာကွယ်ဆေးကို ဗြိတိန်အာဏာပိုင်တွေက ယခုသီတင်းပတ်အတွင်း တရားဝင်ခွင့်ပြုချက်ပေးမယ်လို့ မျှော်လင့်ထားကြပါတယ်။ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို ထုတ်လုပ်နေတဲ့ သုတေသီတွေက ပြိုင်ဘက်ကာကွယ်ဆေးတွေကဲ့သို့ပင် ကိုရိုနာဗိုင်းရပ်စ်အသစ်ကို ထိရောက်တဲ့ကာကွယ်မှုပေးနိုင်တဲ့ ဆေးဖော်စပ်မှုနည်းလမ်းကို အဖြေရှာတွေ့ခဲ့ကြောင်းလည်း AstraZeneca အမှုဆောင်အရာရှိချုပ် Pascal Soriot က Sunday Times သတင်းဌာနကို ပြောခဲ့ပါတယ်။

အချို့ကတော့ Oxford-AstraZeneca ကာကွယ်ဆေးဟာ ဗြိတိန်နဲ့ အခြား နိုင်ငံအချို့မှာ ထိုးနှံပေးနေပြီဖြစ်တဲ့ Pfizer-BioNTech ကာကွယ်ဆေးကဲ့သို့ ကောင်းမွန်နိုင်ဖွယ်မရှိခြင်းကို စိုးရိမ်ပူပန်မှု မြင့်တက်နေခဲ့ပါတယ်။ AstraZeneca ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှုရဲ့ တစ်စိတ်တစ်ပိုင်းရလဒ်တွေအရ COVID-19 ကို ၇၀ ရာခိုင်နှုန်းခန့် ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိထားပြီး Pfizer-BioNTech ကာကွယ်ဆေးကတော့ ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။

သို့သော် Pfizer-BioNTech ကာကွယ်ဆေးကို အပူချိန် အနုတ် ၇၀ ဒီဂရီဆဲလ်စီးယပ်အထိဖြင့် အေးခဲထိန်းသိမ်းထားရန် လိုအပ်ပေမဲ့ AstraZeneca ကာကွယ်ဆေးကိုတော့ ပုံမှန်ရေခဲသေတ္တာ အပူချိန်ဖြင့်ထားရှိနိုင်ရာ သိုလှောင်ထားရန်နဲ့ သယ်ယူပို့ဆောင်ရန် ပိုမိုလွယ်ကူစေပါတယ်။ ဈေးနှုန်းအရလည်း Pfizer-BioNTech ကာကွယ်ဆေးတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၂၀ ဝန်းကျင်ဖြစ်ပြီး AstraZeneca ကာကွယ်ဆေးကတော့ ၄ ဒေါ်လာမျှသာဖြစ်ကြောင်း သိရပါတယ်။

ဆေးဝါးကွပ်ကဲရေးအဖွဲ့က AstraZeneca ကာကွယ်ဆေး တတိယအဆင့် စမ်းသပ်မှုများမှ အချက်အလက်တွေကို သုံးသပ်နေကြောင်း ဗြိတိန်အစိုးရက ပြောထားပါတယ်။ The Times နဲ့ အခြား သတင်းဌာနတွေက ဖော်ပြမှုအရ အစိုးရက AstraZeneca ကာကွယ်ဆေးကို ကြာသပတေးနေ့ (ဒီဇင်ဘာ ၃၁ ရက်) မှာ ခွင့်ပြုချက်ပေးလာနိုင်ကြောင်းနဲ့ ဇန်နဝါရီ ပထမပတ်အတွင်း ဗြိတိန်မှာ အများပြည်သူကို အဆိုပါ ကာကွယ်ဆေးထိုးနှံမှုများ စတင်နိုင်မယ်လို့ သိရပါတယ်။

ဗြိတိန်မှာ ၇၀ ရာခိုင်နှုန်း ပိုမိုကူးစက်မြန်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုး တွေ့ရှိလာရမှုနဲ့ ကူးစက်မှုများ လျင်မြန်စွာ မြင့်တက်နေခဲ့ရာ တင်းကျပ်တဲ့ ပိတ်ပင်ကန့်သတ်ချက်များဖြင့် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေရပါတယ်။ ဗြိတိန်မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၂.၂ သန်းကျော်နဲ့ သေဆုံးသူ ၇၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ယခုအခါ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေကို ဗြိတိန်အပါအဝင် နိုင်ငံ ၁၄ ခုမှာ တွေ့ရှိလာရကြောင်းလည်း သိရပါတယ်။


Author


က္က