ကျွမ်းကျင်သူတွေက ဆန်းစစ်ပြီး ဘေးကင်းတဲ့ကာကွယ်ဆေးတွေကိုသာ ခွင့်ပြုချက်ပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောထားပါတယ်။

ဖိလစ်ပိုင်မှာ ဆေးဝါးကွပ်ကဲရေးအဖွဲ့အစည်းက တရားဝင်ခွင့်ပြုချက်မပေးရသေးပေမဲ့ စစ်သားနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ကို COVID-19 ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း တာဝန်ရှိသူတွေက ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) ပြောပါတယ်။

(Photo: Reuters)

ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနကတော့ ကာကွယ်ဆေးဟာ ဘေးအန္တရာယ်ကင်းကြောင်း သေချာမှုရှိရန် မဖြစ်မနေ အကဲဖြတ်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။ ပြည်ထဲရေးဝန်ကြီး Eduardo Ano က ပြောကြားမှုအရ အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ဟာ COVID-19 ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း သိရပါတယ်။



ထို့အတူ စစ်သားအချို့ကိုလည်း ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် အရေအတွက် အလွန်မများကြောင်း ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Cirilito Sobejana က ပြောခဲ့ပါတယ်။ ဖိလစ်ပိုင် စစ်သားနဲ့ ဝန်ကြီးအချို့ကို ထိုးနှံပေးခဲ့တဲ့ COVID-19 ကာကွယ်ဆေးအမည်ကိုတော့ ၎င်းတို့နှစ်ဦးလုံးက ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။

(Photo: Getty Images)

ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တစ်ခုအရ ကာကွယ်ဆေးအားလုံးကို ကျွမ်းကျင်သူတွေက လေ့လာဆန်းစစ်ပြီး ဘေးအန္တရာယ်ကင်းကြောင်း စိတ်ချရတဲ့ ကာကွယ်ဆေးတွေကိုသာ တရားဝင်ခွင့်ပြုချက်ပေးသွားမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ မည်သည့် COVID-19 ကာကွယ်ဆေးကိုမျှ ခွင့်ပြုချက်မပေးထားသေးကြောင်းနဲ့ ကာကွယ်ဆေးတစ်မျိုး နိုင်ငံအတွင်းသို့ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်းနဲ့ ရောင်းချခြင်းဟာ တရားမဝင်ကြောင်း ဖိလစ်ပိုင် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (Food and Drug Administration - FDA) အကြီးအကဲ Rolando Enrique Domingo က ပြောခဲ့ပါတယ်။

(Photo: Reuters)

ဖိလစ်ပိုင်မှာ အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ရရှိရန် Pzizer-BioNTech က တင်ပြလျှောက်ထားခဲ့ပါတယ်။ တရုတ်နိုင်ငံမှ Sinovac ၊ ရုရှားမှ Gamaleya (Sputnik V)၊ အမေရိကန်အခြေစိုက် Johnson & Johnson (J&J) ရဲ့ Janssen နဲ့ တရုတ်မှ Clover ကာကွယ်ဆေးတို့ကလည်း ဖိလစ်ပိုင်မှာ အသုံးပြုခွင့်လျှောက်ထားပြီး လက်ရှိမှာ ခွင့်ပြုချက်မပေးရသေးဘူးလို့ ဆိုပါတယ်။ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄၇၀,၆၅၀ ဦးနဲ့ သေဆုံးသူ ၉,၁၂၄ ဦးရှိခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က