အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။
Ko John

အရှေ့တောင်အာရှဒေသတွင်း အင်ဒိုနီးရှားနိုင်ငံမှာ အများပြည်သူကို ကာကွယ်ဆေးထိုးနှံမှုအစီအစဥ် လာမယ့် ဇန်နဝါရီ ၁၃ ရက်နေ့ စတင်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (ဇန်နဝါရီ ၅ ရက်) ပြောပါတယ်။

(Photo: Reuters)

ကမ္ဘာ့စတုတ္တမြောက် လူဦးရေအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ လူဦးရေ သန်း ၂၇၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားရဲ့ COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ဂျကာတာမြို့တော်မှာ စတင်သွားမှာဖြစ်ပြီး သမ္မတဂျိုကိုဝီဒိုဒိုက ပထမဆုံး ကာကွယ်ဆေးထိုးသူဖြစ်လာမယ်လို့ ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin က ဆိုပါတယ်။ အခြား နေရာဒေသတွေမှာ ကာကွယ်ဆေးထိုးနှံမှုကိုတော့ ဂျကာတာပြီးနောက် နှစ်ရက်အကြာမှာ စတင်သွားရန် စီစဥ်ထားပါတယ်။

တရုတ်ကုမ္ပဏီ Sinovac Biotech က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးသုံးပြီး ပထမဆုံး ထိုးနှံပေးသွားမယ့်အုပ်စုထဲမှာ ကျန်းမာရေးဝန်ထမ်း ၁.၃ သန်း ပါဝင်မယ်လို့ အင်ဒိုနီးရှားအစိုးရက ပြောထားခဲ့ပါတယ်။ Sinovac Biotech ရဲ့ CoronaVac အမည်ဖြင့် ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေး ၃ သန်းကို အင်ဒိုနီးရှားက ရရှိထားတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးနှံပေးပြီးပါက အများပြည်သူ ယုံကြည်မှုရှိစေရန် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများလည်း ကာကွယ်ဆေးထိုးနှံသင့်ကြောင်း ဝန်ကြီး Budi Gunadi Sadikin က ပြောပါတယ်။ အင်ဒိုနီးရှား အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေး အာဏာပိုင်အဖွဲ့ BPOM က COVID-19 ကာကွယ်ဆေးကို အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးခဲ့ပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထိုးနှံမှုအစီအစဥ်ကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

BPOM က ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရန် မေးမြန်းမှုကို တုံ့ပြန်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ သို့သော် အင်ဒိုနီးရှား၊ ဘရာဇီးနဲ့ တူရကီတို့မှာ လုပ်ဆောင်နေတဲ့ ကာကွယ်ဆေးစမ်းသပ်မှု နောက်ဆုံးအဆင့် ကြားဖြတ်ရလဒ်များအရ အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးသွားရန် မျှော်လင့်ထားကြောင်း BPOM က အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။

(Photo: Reuters)

တရုတ်ကုမ္ပဏီ Sinovac က အင်ဒိုနီးရှားအစိုးရပိုင် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Bio Farma နဲ့အတူ အနောက်ဂျာဗားပြည်နယ်မှာ လုပ်ဆောင်နေတဲ့ နောက်ဆုံးအဆင့် ကာကွယ်ဆေးစမ်းသပ်မှုတွေကို ကြီးကြပ်ကွပ်ကဲနေပါတယ်။ CoronaVac ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှု အစောပိုင်းရလဒ်တွေအရ COVID-19 ကို ကာကွယ်ပေးရာမှာ ၉၁.၂၅ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။ သို့သော် ကာကွယ်ဆေးစမ်းသပ်မှု နောက်ဆုံးအဆင့် အပြီးသတ်ရလဒ်တွေကို ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ဘရာဇီးမှ သုတေသီတွေကတော့ ကုမ္ပဏီရဲ့ တောင်းဆိုမှုအရ အပြီးသတ်ရလဒ်တွေကို မထုတ်ပြန်သေးပေမဲ့ CoronaVac ကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ ၅၀ ရာခိုင်နှုန်းကျော်ဖြစ်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားမှာ လူထုကြား ကိုယ်ခံအားရရှိစေရန် လူဦးရေ ၁၈၁.၅ သန်း သို့မဟုတ် နိုင်ငံရဲ့လူဦးရေ ၆၇ ရာခိုင်နှုန်းကို COVID-19 ကာကွယ်ဆေးထိုးပေးရမယ်လို့ ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin က ယခင်က ပြောထားခဲ့ပါတယ်။

(Photo: Reuters)

အင်ဒိုနီးရှားမှာ ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးသွားမှာဖြစ်ပြီး ၁၅ လကြာမြင့်မယ်လို့ ခန့်မှန်းထားပါတယ်။ အင်ဒိုနီးရှားအစိုးရပိုင် Bio Farma ကုမ္ပဏီက ယနေ့အထိ Sinovac ရဲ့ ကာကွယ်ဆေး ၇၆၀,၀၀၀ ကျော်ကို ပြည်နယ် ၃၄ ခုသို့ ဖြန့်ဖြူးပေးပို့ထားပြီး ဖြစ်ပါတယ်။

အင်ဒိုနီးရှားအစိုးရက Sinovac ရဲ့ CoronaVac အပြင် Pfizer-BioNTech နဲ့ AstraZeneca ကာကွယ်ဆေးအများစု အပါအဝင် COVID-19 ကာကွယ်ဆေး ၃၂၉ သန်း ဝယ်ယူရန် သဘောတူညီချက်ရရှိထားကြောင်းလည်း သိရပါတယ်။ အင်ဒိုနီးရှားမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၇၇၉,၀၀၀ ကျော်၊ သေဆုံးသူ ၂၃,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာလာသူ ၆၄၅,၀၀၀ ကျော်ရှိခဲ့ပါတယ်။


Author


က္က