ပညာရှင်အဖွဲ့ကို တရုတ်က ဝင်ရောက်ခွင့်မပြုသေးခြင်းအပေါ် အလွန်စိတ်ပျက်မိကြောင်း WHO အကြီးအကဲက ပြောပါတယ်။

COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ရဲ့ မူလဇစ်မြစ်ကို စစ်ဆေးရှာဖွေရန် နိုင်ငံတကာကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ကို တရုတ်အစိုးရက နိုင်ငံအတွင်း ဝင်ရောက်ခွင့်မပြုသေးခြင်းအပေါ် အလွန်စိတ်ပျက်မိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organizantion - WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က ဇန်နဝါရီ ၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

(ဝူဟန်မြို့တစ်နေရာ) (Photo: Reuters)

နိုင်ငံတကာကျွမ်းကျင်ပညာရှင် ၁၀ ဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က လွန်ခဲ့တဲ့ တစ်နှစ်အကြာက ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိရာ ဝူဟန်မြို့သို့ ဇန်နဝါရီလ အစောပိုင်းမှာ သွားရောက်ပြီး ဗိုင်းရပ်စ်မူလဇစ်မြစ်ကို စစ်ဆေးရန်စီစဥ်ထားခဲ့ပါတယ်။ "တရုတ်အစိုးရတာဝန်ရှိသူတွေက တရုတ်နိုင်ငံကို ကျွမ်းကျင်ပညာရှင်အဖွဲ့ ဝင်ရောက်ဖို့အတွက် လိုအပ်တဲ့ ခွင့်ပြုချက်မပေးရသေးဘူးလို့ ဒီနေ့ ကျွန်တော်တို့ သိရပါတယ်၊ ကျွန်တော် တရုတ်အစိုးရ အကြီးတန်းတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ခဲ့ပြီး ဒီမစ်ရှင်က WHO အတွက် ဦးစားပေးကိစ္စဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်" လို့ Tedros က ဂျနီဗာမြို့ကနေ ပြုလုပ်ခဲ့တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။



(WHO အကြီးအကဲ Tedros) (Photo: Reuters)

ဝူဟန်ကိုသွားရောက်မယ့် ပညာရှင်အဖွဲ့ကို WHO ရဲ့ တိရိစ္ဆာန်ရောဂါဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူ Peter Ben Embarek က ဦးဆောင်သွားမှာဖြစ်ပြီး ၎င်းဟာ ပဏာမလုပ်ငန်းခရီးစဥ်အဖြစ် ယမန်နှစ် ဇူလိုင်လအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပါသေးတယ်။

WHO ရဲ့ နိုင်ငံတကာကျွမ်းကျင်ပညာရှင်အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးဟာ တရုတ်ခရီးစဥ် ထွက်ခွာသွားခဲ့ကြပေမဲ့ တစ်ဦးက ပြန်လာခဲ့ကြောင်းနဲ့ နောက်တစ်ဦးကတော့ လေယာဥ်ပြောင်းစီးရန် တတိယနိုင်ငံတစ်ခုမှာ ရောက်ရှိနေကြောင်း WHO အရေးပေါ်ဆိုင်ရာ အကြီးအကဲ ဒေါက်တာမိုက်ရိုင်ယန်က ပြောပါတယ်။

သို့သော် ဗိုင်းရပ်စ်မူလဇစ်မြစ် စစ်ဆေးရှာဖွေရေးလုပ်ငန်းစဥ်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို အလွန်မြန်ဆန်စွာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်မျှော်လင့်ထားကြောင်း ၎င်းကဆိုပါတယ်။ WHO ရဲ့ ဝူဟန်ခရီးစဥ်မတိုင်မီ တရုတ်အစိုးရ အကြီးတန်းသံတမန် Wang Yi က ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး နောက်ထပ် လေ့လာမှုတွေအရ ဗိုင်းရပ်စ်ဟာ နယ်မြေတစ်ခုမကမှာ စတင်တွေ့ရှိခဲ့ရခြင်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

(ဗိုင်းရပ်စ် စတင်တဲ့နေရာအဖြစ် ယူဆထားသည့်ဈေး) (Photo: AP)

ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်အလယ်ပိုင်း ဟူးဘေးပြည်နယ် ဝူဟန်မြို့ရှိ တောရိုင်းတိရိစ္ဆာန်များ ရောင်းချနေတဲ့ ဈေးတစ်ခုကနေ စတင်ပျံ့နှံ့လာခဲ့ကြောင်း ယူဆထားကြပါတယ်။ အမေရိကန်အပါအဝင် အနောက်အုပ်စု နိုင်ငံအချို့ကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရှိ အရေးပါတဲ့ တရုတ်ဓာတ်ခွဲခန်းကနေ ထွက်လာခဲ့တယ်လို့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ထို့နောက် ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက်လာမှုနဲ့အတူ တင်းမာမှုတွေ ဖြစ်လာခဲ့ပြီး အထူးသဖြင့် တရုတ်နဲ့ အမေရိကန်တို့ကြား ထင်မြင်ယူဆချက်ကိုယ်စီဖြင့် အပြန်အလှန် အပြစ်တင်ကာ ဆက်ဆံရေးတင်းမာခဲ့ကြပါတယ်။

ဝူဟန်ဓာတ်ခွဲခန်းနဲ့ ကိုရိုနာဗိုင်းရပ်စ်အကြောင်း ဓာတ်ခွဲခန်းအကြီးအကဲ ဘာပြောထားလဲ?

Share

Loading Next Article...
က္က