ဆေးဝါးကုမ္ပဏီ ခုနစ်ခုထံကနေ ကာကွယ်ဆေး ၁၄၈ သန်း ဝယ်ယူနိုင်မယ်လို့ ဖိလစ်ပိုင်က မျှော်လင့်ထားပါတယ်။

အရှေ့တောင်အာရှမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက ယခုနှစ်အတွင်း ကာကွယ်ဆေး ၁၄၈ သန်း ဝယ်ယူရရှိနိုင်ရန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ ဆွေးနွေးညှိနှိုင်းနေကြောင်း အကြီးတန်း အစိုးရတာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။

(Photo: Reuters)

ဖိလစ်ပိုင်အစိုးရအနေနဲ့ Novavax ၊ Moderna ၊ AstraZeneca ၊ Pfizer ၊ Johnson & Johnson ၊ Sinovac Biotech နဲ့ Gamaleya Institute တို့နဲ့ ကာကွယ်ဆေးဝယ်ယူရန် သဘောတူညီမှုတွေရရှိမယ်လို့ မျှော်လင့်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်းနဲ့ COVID-19 တိုက်ဖျက်ရေး မဟာဗျူဟာလုပ်ငန်းအဖွဲ့ အကြီးအကဲ ကာလီတိုဂဲလ်ဗက်ဇ်က ဆိုပါတယ်။ COVID-19 ကာကွယ်ဆေးဝယ်ယူရန် အပြင်းအထန် ယှဥ်ပြိုင်မှုတွေနဲ့အတူ ကာကွယ်ဆေးရရှိနိုင်မှုဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပေမဲ့လည်း ကာလီတိုက ဆေးဝါးကုမ္ပဏီတွေနဲ့ ညှိနှိုင်းနေကြောင်း ပြောခဲ့တာဖြစ်ပါတယ်။



"ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ခုနစ်ခုထံကနေ ကာကွယ်ဆေး ၁၄၈ သန်း ဝယ်ယူနိုင်ပါလိမ့်မယ်၊ ဒါပေမဲ့ ဒါက ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးထောက်ပံ့ပေးမှုအပေါ် မူတည်ပါလိမ့်မယ်" လို့ ၎င်းက ပြောပါတယ်။ ဖိလစ်ပိုင်က နိုင်ငံရဲ့ လူဦးရေ သုံးပုံနှစ်ပုံကို ထိုးနှံးရန်အတွက် ယခုနှစ်မှာ COVID-19 ကာကွယ်ဆေး ၁၄၈ သန်း ဝယ်ယူရရှိနိုင်ရန် မျှော်လင့်ထားပါတယ်။ COVID-19 ကာကွယ်ဆေးအများစုဟာ လူတစ်ဦးလျှင် နှစ်ကြိမ်ထိုးနှံရတာ ဖြစ်ပါတယ်။

(Photo: unsplash)

လက်ရှိမှာ ချမ်းသာတဲ့နိုင်ငံတွေက ရရှိနိုင်တဲ့ ကာကွယ်ဆေး ၈၀ ရာခိုင်နှုန်းကို ကြိုတင်ဝယ်ယူထားကြကြောင်းလည်း အချက်အလက်ရင်းမြစ် မဖော်ပြဘဲ ကာလီတိုက ပြောခဲ့ပါတယ်။ ဖိလစ်ပိုင်ဟာ အစောပိုင်းက COVID-19 ကာကွယ်ဆေး သန်း ၈၀ ဝယ်ယူရရှိရန် ရည်မှန်းထားခဲ့ပြီး ဆေးဝါးကုမ္ပဏီတွေနဲ့ လနဲ့ချီကြာ ဆွေးနွေးညှိနှိုင်းခဲ့ပေမဲ့ လက်ရှိအချိန်အထိ ကာကွယ်ဆေး ၂.၆ သန်း ဝယ်ယူရရှိရန်သာ သေချာပါသေးတယ်။ ထိုကာကွယ်ဆေးတွေဟာ ဗြိတိန်အခြေစိုက် AstraZeneca ထံမှဖြစ်ပြီး ဆေးဖိုးကို ပုဂ္ဂလိကကုမ္ပဏီအုပ်စုတစ်ခုက ပေးချေခဲ့တယ်လို့ ဆိုပါတယ်။

AstraZeneca က ၎င်းနဲ့ အောက်စ်ဖို့တက္ကသိုလ် (Oxford University) တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ဖိလစ်ပိုင်မှာ အရေးပေါ်သုံးအဖြစ် ဇန်နဝါရီ ၆ ရက်နေ့က တရားဝင်ခွင့်ပြုချက် လျှောက်ထားခဲ့ကြောင်း သိရပါတယ်။ ဖိလစ်ပိုင်ဟာ ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးအစီအစဥ်ဖြစ်တဲ့ COVAX မှတစ်ဆင့် ကာကွယ်ဆေး ၂၃ သန်းရရှိမယ်လို့လည်း ကာလီတိုက ပြောပါတယ်။

(Photo: Reuters)

ကာကွယ်ဆေးထိုးနှံမှုအစီအစဥ်ကို အစောဆုံးအဖြစ် ယခုနှစ် ပထမသုံးလပတ်အတွင်း စတင်နိုင်မှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ အသက်အရွယ်ကြီးသူများ၊ စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဆရာဆရာများနဲ့ အစိုးရဝန်ထမ်းတွေကို ဦးစားပေး ထိုးနှံသွားမယ်လို့ ၎င်းကဆိုပါတယ်။

ဖိလစ်ပိုင်မှာ သမ္မတဒူတာတေးရဲ့ ကိုယ်ရံတော်အဖွဲ့မှ အဖွဲ့ဝင်တွေကတော့ အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) တရားဝင် ခွင့်ပြုချက်မရသေးပေမဲ့ ယမန်နှစ် စက်တင်ဘာလအတွင်း COVID-19 ကာကွယ်ဆေးထိုးခဲ့ကြပါတယ်။ သမ္မတဒူတာတေးက FDA ခွင့်ပြုချက်မရသေးတဲ့ ကာကွယ်ဆေးထိုးခဲ့တဲ့ ၎င်းရဲ့ ကိုယ်ရံတော်အဖွဲ့ကို ချီးကျူးခဲ့တယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၄၈၀,၇၃၇ ဦးနဲ့ သေဆုံးသူ ၉,၃၄၇ ဦးရှိခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က