ဂျိုးဘိုင်ဒန် ရွေးကောက်ပွဲအနိုင်ရမှုကို အတည်ပြုရန် လွှတ်တော်မှာ ဆွေးနွေးစဥ် အကြမ်းဖက်စီးနင်းမှု ဖြစ်ပွားခဲ့ပါတယ်။
Ko John

အမေရိကန်မှာ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲအနိုင်ရရှိမှုကို အတည်ပြုရန် ကွန်ဂရက်လွှတ်တော်မှာ အမတ်များ ဆွေးနွေးကြစဥ် လက်ရှိသမ္မတ ဒေါ်နယ်ထရန့်ကို ထောက်ခံသူ လက်နက်ကိုင်လူအုပ်စုက လွှတ်တော်အဆောက်အအုံကို အကြမ်းဖက်စီးနင်းခဲ့မှုအတွင်း ရဲအရာရှိတစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: AP)

ဇန်နဝါရီ ၆ ရက်နေ့က ဝါရှင်တန်ဒီစီရှိ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်ကို အတည်ပြုရန် လွှတ်တော်အမတ်များ ဆွေးနွေးခဲ့ကြစဥ် ထရန့်ကိုထောက်ခံတဲ့ လက်နက်ကိုင် ဆူပူအုံကြွသူများက လွှတ်တော်အဆောက်အအုံထဲကို ထိုးဖောက်ဝင်ရောက်ခဲ့ကြပါတယ်။ လွှတ်တော်အဆောက်အအုံမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအုံကြွမှုအတွင်း အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Reuters သတင်းက အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။



ထရန့်ကိုထောက်ခံသူတွေက လွှတ်တော်အဆောက်အအုံထဲကို ဝင်ရောက်ကာ ဆူပူအုံကြွမှုအတွင်း ရဲတပ်ဖွဲ့ဝင်များလည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ဒဏ်ရာရခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ အခြား လူလေးဦးလည်း သေဆုံးခဲ့ကြောင်း နောက်ဆက်တွဲ သတင်းတွေအရ သိရှိရပါတယ်။ ထရန့်ကိုထောက်ခံသူတွေက လွှတ်တော်အဆောက်အအုံထဲကို အကြမ်းဖက် ဆူပူအုံကြွ ဝင်ရောက်ခဲ့စဥ် လွှတ်တော်အမတ်တွေကို ရဲတပ်ဖွဲ့က စောင့်ကြပ်ခေါ်ထုတ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

(Photo: Getty Images)

အမေရိကန်အောက်လွှတ်တော် အစည်းအဝေးခန်းမ ဝင်ပေါက်နေရာမှာ ဆူပူအကြမ်းဖက်သူတွေနဲ့ လုံခြုံရေးများ လက်နက်ကိုင်ဆောင် ထိပ်တိုက်တွေ့မှုဖြစ်ပွားခဲ့ပြီး မျက်ရည်ယိုဗုံး အသုံးပြုခဲ့ပါတယ်။ ဒီမိုကရက်တို့က ရာထူးသက်တမ်းကုန်တော့မယ့် သမ္မတထရန့်ကို ၎င်းအားထောက်ခံသူတွေရဲ့ ဆူပူအကြမ်းဖက်မှုကို ထိန်းသိမ်းရန် တောင်းဆိုခဲ့ကြပါတယ်။

ထရန့်ဟာ အစောပိုင်းမှာ ကွန်ဂရက်လွှတ်တော်သို့ ချီတက်ကြရန် ဆန္ဒပြသူတွေကို တိုက်တွန်းခဲ့ပြီး နောက်ပိုင်းမှာတော့ အိမ်ပြန်ကြရန် ပြောခဲ့တယ်လို့ ဆိုပါတယ်။ ကွန်ဂရက်လွှတ်တော်မှာ ဆူပူအုံကြွ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် Facebook နဲ့ Twitter တို့က ထရန့်ရဲ့အကောင့်တွေကို အနည်းဆုံး ၁၂ နာရီကြာ အသုံးပြုခွင့် ရပ်ဆိုင်းထားခဲ့ပါတယ်။

(Photo: Reuters)

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က ထရန့်ကိုထောက်ခံသူတွေရဲ့ ဆူပူအုံကြွမှုအပေါ် ဒေါသပေါက်ကွဲခဲ့ပါတယ်။ ယမန်နှစ် နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်က Electoral College မဲ ၃၀၆ မဲဖြင့် အနိုင်ရခဲ့ပြီး ထရန့်က ၂၃၂ မဲ ရရှိခဲ့ပါတယ်။ သို့သော် ရွေးကောက်ပွဲရက်နောက်ပိုင်းကတည်းက ထရန့်ဟာ ရှုံးနိမ့်ကြောင်း ဝန်မခံသေးဘဲ မဲလိမ်လည်မှုတွေရှိခဲ့ကြောင်း လက်ရှိအချိန်အထိ အထောက်အထားမဲ့ စွပ်စွဲပြောဆိုနေခဲ့ပါတယ်။

ထရန့်ရဲ့ အောင်နိုင်ရေးအဖွဲ့က ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး တရားရုံးတွေမှာ အရေးဆိုကန့်ကွက်မှုတွေ လုပ်ခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရမှုနဲ့ ပတ်သက်ပြီး ထရန့်ဘက်မှ အရေးဆိုကန့်ကွက်မှု ၆၀ ကို အမေရိကန်တရားရုံးချုပ် အပါအဝင် တရားရုံးအသီးသီးက ပယ်ချခဲ့ကြပါတယ်။

(Photo: AP)

အောက်လွှတ်တော် (House of Representatives) နဲ့ အထက်လွှတ်တော် (Senate) တို့ ပါဝင်တဲ့ ကွန်ဂရက်လွှတ်တော်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အတည်ပြုရန် ဇန်နဝါရီ ၆ ရက်နေ့မှာ အစည်းအ‌‌ဝေးပြုလုပ်ပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန်ကဲ့သို့ နိုင်ငံမှာ ကွန်ဂရက်လွှတ်တော် အစည်းအ‌‌ဝေးပြုလုပ်စဥ် ထရန့်ကိုထောက်ခံသူတွေက လွှတ်တော်အဆောက်အအုံကို ဆူပူအကြမ်းဖက် စီးနင်းခဲ့ကြတဲ့ဖြစ်ရပ်အပေါ် ကမ္ဘာတစ်ဝန်းက အလွန်အံ့အားသင့်ခဲ့ကြရပါတယ်။


.


Author


က္က