ထရန့်ထောက်ခံသူတွေ ဆူပူအကြမ်းဖက်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ရွေးကောက်ပွဲရလဒ်ကို အတည်ပြုခဲ့ပါတယ်။

၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန် အနိုင်ရရှိကြောင်း ကွန်ဂရက်လွှတ်တော်က ယနေ့ (ဇန်နဝါရီ ၇ ရက်) တရားဝင် အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။

(ဂျိုးဘိုင်ဒန် အနိုင်ရကြောင်း အတည်ပြုကြေညာစဥ်) (Photo: Reuters)

သမ္မတရွေးကောက်ပွဲ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးတဲ့ ပြည်နယ်တွေရဲ့ Electoral College မဲရလဒ်တွေကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဒုတိယသမ္မတမိုက်ပင့်စ်က ကြေညာခဲ့ပါတယ်။ ကွန်ဂရက်လွှတ်တော်က ယနေ့ တရားဝင်အတည်ပြုမှုအရ ဂျိုးဘိုင်ဒန်က နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ Electoral College မဲ ၃၀၆ မဲရရှိပြီး အနိုင်ရခဲ့ပါတယ်။



ပြိုင်ဘက် လက်ရှိသမ္မတဒေါ်နယ်ထရန့်ကတော့ ၂၃၂ မဲရရှိခဲ့ပြီး ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ အရေးပါတဲ့ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (Electoral College) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပါတယ်။

(၄၆ ဦးမြောက် အမေရိကန်သမ္မတဖြစ်လာမည့် ဂျိုးဘိုင်ဒန်) (Photo: AP)

ပြည်နယ်တစ်ခုချင်းစီးမှာ လူဦးရေအပေါ်မူတည်ပြီး ကိုယ်စားလှယ်အဖွဲ့ရဲ့ ထောက်ခံမဲအရေအတွက် သတ်မှတ်ထားပြီး စုစုပေါင်း မဲအရေအတွက် ၅၃၈ မဲ ဖြစ်ပါတယ်။ ထိုမဲများအနက်မှ ထောက်ခံမဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ အရေအတွက်ရရှိတဲ့ ကိုယ်စားလှယ်လောင်းက သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပါတယ်။

ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တဲ့ ထရန့်ကို ထောက်ခံသူတွေက လွှတ်တော်အဆောက်အအုံထဲကို ဆူပူအကြမ်းဖက် စီးနင်းဝင်ရောက်ခဲ့ကြပြီးနောက် နာရီပိုင်းအကြာ ယမန်နေ့ (ဇန်နဝါရီ ၆ ရက်) ညပိုင်းမှာ ဂျိုးဘိုင်ဒန် အနိုင်ရကြောင်း အတည်ပြုရန် ကွန်ဂရက်လွှတ်တော်မှာ ဆွေးနွေးမှုတွေကို ပြန်လည်စတင်ခဲ့ပါတယ်။

(လွှတ်တော်အဆောက်အအုံကို လုံခြုံရေးစောင့်ကြပ်မှု) (Photo: Getty Images)

ကွန်ဂရက်လွှတ်တော် ဆွေးနွေးမှုကို ယနေ့ မနက်အစောပိုင်းအထိ ဆက်လက် ပြုလုပ်ခဲ့ကြပြီးနောက် အောက်လွှတ်တော် (House of Representatives) နဲ့ အထက်လွှတ်တော် (Senate) လွှတ်တော်နှစ်ရပ်လုံးက မဲစာရင်းရလဒ်ကို ကန့်ကွက်မှုနှစ်ခုအား ပယ်ချလိုက်ပြီးနောက် ရွေးကောက်ပွဲရလဒ်ကို ကွန်ဂရက်လွှတ်တော်က အပြီးသတ် အတည်ပြုခဲ့ကြပါတယ်။ ကွန်ဂရက်လွှတ်တော်က အပြီးသတ် အတည်ပြုမှုအရ ထရန့်ရဲ့ ရွေးကောက်ပွဲရလဒ်ပြောင်းလဲရေး ကြိုးပမ်းမှုများ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရရှိမှုကို ဆွေးနွေးအတည်ပြုမယ့် ကွန်ဂရက်လွှတ်တော် အစည်းအဝေးကျင်းပစဥ် ထရန့်ကိုထောက်ခံသူတွေက လွှတ်တော်အဆောက်အအုံထဲကို ဆူပူအကြမ်းဖက် ဝင်ရောက်ခဲ့ကြပြီး ထိုဖြစ်ရပ်အတွင်း လူလေးဦး သေဆုံးခဲ့ပြီး ၅၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

(လွှတ်တော်အစည်းအ‌ဝေးခန်းမဝင်ပေါက်မှ လုံခြုံရေးများ) (Photo: AP)

အမေရိကန်ကဲ့သို့ နိုင်ငံမှာ ကွန်ဂရက်လွှတ်တော် အစည်းအ‌‌ဝေးပြုလုပ်စဥ် ထရန့်ကိုထောက်ခံသူတွေက လွှတ်တော်အဆောက်အအုံကို ဆူပူအကြမ်းဖက် စီးနင်းခဲ့ကြတဲ့ဖြစ်ရပ်အပေါ် ကမ္ဘာတစ်ဝန်းက အလွန်အံ့အားသင့်ခဲ့ကြရပါတယ်။ အမေရိကန်သမ္မတဟောင်းတွေဖြစ်တဲ့ ဘာရတ်အိုဘားမား၊ ဘီလ်ကလင်တန်နဲ့ ဂျော့ဂျ်ဒဗလျူဘုရှ်တို့က လွှတ်တော်အဆောက်အအုံကို အကြမ်းဖက်စီးနင်းတဲ့ လုပ်ရပ်အပေါ် ရှုတ်ချခဲ့ကြပါတယ်။

လွှတ်တော်အဆောက်အအုံကို ထရန့်ထောက်ခံသူတွေက ဆူပူအကြမ်းဖက်ခဲ့ပြီးနောက် သမ္မတအိမ်ဖြူတော် ဝန်ထမ်းများ ရာထူးမှုနုတ်ထွက်မှုတွေလည်းရှိလာခဲ့ပါတယ်။ လက်ရှိသမ္မတထရန့်ဟာ ရွေးကောက်ပွဲရက်နောက်ပိုင်းကတည်းက ရှုံးနိမ့်ကြောင်း ဝန်မခံသေးဘဲ မဲလိမ်လည်မှုတွေရှိခဲ့ကြောင်း အထောက်အထားမဲ့ ဆက်တိုက် စွပ်စွဲပြောဆိုနေခဲ့ပါတယ်။

(ထရန့်ထောက်ခံသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့စဥ်) (Photo: AFP)

ထရန့်ရဲ့ အောင်နိုင်ရေးအဖွဲ့က ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး တရားရုံးတွေမှာ အရေးဆိုကန့်ကွက်မှုတွေ လုပ်ခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရမှုနဲ့ ပတ်သက်ပြီး ထရန့်ဘက်မှ အရေးဆိုကန့်ကွက်မှု ၆၀ ကို အမေရိကန်တရားရုံးချုပ် အပါအဝင် တရားရုံးအသီးသီးက ပယ်ချခဲ့ကြပါတယ်။

ယခုအခါ ကွန်ဂရက်လွှတ်တော်က ရွေးကောက်ပွဲရလဒ်ကို အတည်ပြုခဲ့ပြီဖြစ်ရာ ဂျိုးဘိုင်ဒန်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားနဲ့အတူ အမေရိကန်ရဲ့ ၄၆ ဦးမြောက် သမ္မတဖြစ်လာမှာ ဖြစ်ပါတယ်။ ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက်တိုက် ၈ နှစ်ကြာ တာဝန်ယူခဲ့ဖူးတဲ့ လက်ရှိ အသက် ၇၈ နှစ်အရွယ် ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတအဖြစ်လည်း မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။

.

Share

Loading Next Article...
က္က