ထရန့်က ဂျိုးဘိုင်ဒန် ရွေးကောက်ပွဲအနိုင်ရမှုကို အသိအမှတ်ပြုလိုက်ပြီး သမ္မတသစ်ဖြစ်လာမယ်လို့ ပြောပါတယ်။

အမေရိကန် လွှတ်တော်အဆောက်အအုံကို ၎င်းအားထောက်ခံသူတွေ ဆူပူအကြမ်းဖက် စီးနင်းခဲ့ကြပြီး နောက်တစ်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၇ ရက်နေ့မှာတော့ သမ္မတဒေါ်နယ်ထရန့်က ဂျိုးဘိုင်ဒန် ရွေးကောက်ပွဲအနိုင်ရမှုကို အသိအမှတ်ပြုလိုက်ပြီး အမေရိကန်သမ္မတသစ် ဖြစ်လာမယ်လို့ ပြောကြားလိုက်ပါတယ်။

(ထရန့်ကိုထောက်ခံသူတွေ လွှတ်တော်ထဲကို ဝင်ရောက်ခဲ့စဥ်) (Photo: AP)

ထိုနေ့ မနက်အစောပိုင်းမှာပင် ကွန်ဂရက်လွှတ်တော်က ၂၀၂၀ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရရှိကြောင်း အတည်ပြု ကြေညာခဲ့ပြီးလည်း ဖြစ်ပါတယ်။ "အခု ကွန်ဂရက်က ရွေးကောက်ပွဲရလဒ်တွေကို အတည်ပြုလိုက်ပါပြီ၊ ဇန်နဝါရီ ၂၀ ရက်နေ့မှာ အစိုးရသစ်တစ်ရပ်ရှိလာမှာပါ၊ ကျွန်တော် အခု အာရုံစိုက်တာက အဆင်ပြေချောမွေ့တဲ့ အာဏာလွှဲပြောင်းရေးဖြစ်ပါတယ်၊ ဒီကာလမှာ မပြေလည်တာတွေ အဆုံးသတ်ပြီးနဲ့ ပြန်လည်သင့်မြတ်ကြဖို့ပါ" လို့ ထရန့်က ဆိုပါတယ်။



၎င်းအားထောက်ခံသူတွေက ကွန်ဂရက်လွှတ်တော်ကို ဆူပူအကြမ်းဖက် စီးနင်းမှုနဲ့ဆက်စပ်ပြီး သမ္မတသက်တမ်း ၁၀ ရက်ကျော်မျှသာ ကျန်ရှိတော့တဲ့ သမ္မတထရန့်ကို ရာထူးမှဖယ်ရှားရန် ဒီမိုကရက်တစ်တို့က တောင်းဆိုခဲ့ကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရရှိမှုကို ဆွေးနွေးအတည်ပြုမယ့် ကွန်ဂရက်လွှတ်တော် အစည်းအဝေးကျင်းပစဥ် ထရန့်ကိုထောက်ခံသူတွေက လွှတ်တော်အဆောက်အအုံထဲကို ဆူပူအကြမ်းဖက် ဝင်ရောက်ခဲ့ကြပြီး ထိုဖြစ်ရပ်အတွင်း လူလေးဦး သေဆုံးခဲ့ပြီး ၅၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

(အမေရိကန်သမ္မတထရန့်) (Photo: AP)

ထရန့်ကို သမ္မတရာထူးမှ ချက်ချင်းဖယ်ရှားသင့်ကြောင်း ဒီမိုကရက်တစ်ပါတီမှ ဆီးနိတ်လွှတ်တော်အမတ် Chuck Schumer က ပြောခဲ့ပြီး အောက်လွှတ်တော် (House of Representatives) ဥက္ကဌ နန်စီပီလိုစီကလည်း သမ္မတထရန့်ဟာ စွပ်စွဲပြစ်တင်ပြီး ရာထူးမှဖယ်ရှားခံရနိုင်တယ်လို့ ဆိုပါတယ်။ သမ္မတထရန့်ကို ရာထူးမှဖယ်ရှားရန်မှာ ရီပတ်ဘလစ်ကင်တွေရဲ့ ထောက်ခံမှုလိုအပ်ပြီး ထိုသို့ထောက်ခံမှု အနည်းငယ်မျှသာရှိပါတယ်။

လွှတ်တော်အဆောက်အအုံကို ဆူပူအကြမ်းဖက် စီးနင်းမှုဖြစ်ပွားခဲ့ပြီးနောက် ထိုလုပ်ရပ်နဲ့ သမ္မတထရန့်ကို ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအဝိုင်းမှ ‌ဝေဖန်ပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။ ကွန်ဂရက်လွှတ်တော်က ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်က Electoral College မဲ ၃၀၆ မဲရရှိပြီး အနိုင်ရကြောင်း ယမန်နေ့မှာ တရားဝင်အတည်ပြုခဲ့ပါတယ်။

(အမေရိကန်သမ္မတသစ်ဖြစ်လာမည့် ဂျိုးဘိုင်ဒန်) (Photo: Getty Images)

ကွန်ဂရက်လွှတ်တော်က အပြီးသတ် အတည်ပြုမှုအရ ထရန့်ရဲ့ ရွေးကောက်ပွဲရလဒ်ပြောင်းလဲရေး ကြိုးပမ်းမှုများ အဆုံးသတ်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ယခုအခါ ကွန်ဂရက်လွှတ်တော်က ရွေးကောက်ပွဲရလဒ်ကို အတည်ပြုခဲ့ပြီဖြစ်ရာ ဂျိုးဘိုင်ဒန်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားနဲ့အတူ အမေရိကန်ရဲ့ ၄၆ ဦးမြောက် သမ္မတဖြစ်လာမှာ ဖြစ်ပါတယ်။ ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက်တိုက် ၈ နှစ်ကြာ တာဝန်ယူခဲ့ဖူးတဲ့ လက်ရှိ အသက် ၇၈ နှစ်အရွယ် ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတအဖြစ်လည်း မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က