WHO ရဲ့ ခရီးစဥ်ဟာ လူ ၂ သန်းနီးပါး သေဆုံးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် မူလဇစ်မြစ်ကို ဖော်ထုတ်နိုင်ရန် မျှော်လင့်ထားပါတယ်။
Ko John

COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ နိုင်ငံတကာကျွမ်းကျင်သူများအဖွဲ့ဟာ ဇန်နဝါရီ ၁၄ ရက်နေ့မှာ တရုတ်နိုင်ငံသို့ ရောက်ရှိလာမယ်လို့ တရုတ်ကျန်းမာရေးအာဏာပိုင်တွေက ယနေ့ (ဇန်နဝါရီ ၁၁ ရက်) ပြောပါတယ်။

(ဝူဟန်မြို့ရှိ တောရိုင်းတိရိစ္ဆာန်များ ရောင်းချနေတဲ့ဈေး) (Photo: AFP)

ကိုရိုနာဗိုင်းရပ်စ် မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးသွားမယ့် ကျွမ်းကျင်ပညာရှင် ၁၀ ဦးပါဝင်တဲ့ ထိုအဖွဲ့ဟာ တရုတ်အစိုးရက ပြည်ဝင်ခွင့်မပေးမှုကြောင့် အစောပိုင်းမှာ ခရီးစဥ်နှောင့်နှေးခဲ့ပါတယ်။ တရုတ်အစိုးရက နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်အဖွဲ့ကို ပြည်ဝင်ခွင့်မပေးသေးခြင်းအပေါ် အလွန်စိတ်ပျက်မိကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus ဇန်နဝါရီ ပထမပတ်အတွင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အငြင်းပွားမှုတွေအလယ်က ဝူဟန်ဓာတ်ခွဲခန်း

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နားလည်မှုလွဲမှားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ယခုအခါ တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် (National Health Commission - NHC) က WHO ကျွမ်းကျင်ပညာရှင်အဖွဲ့ ရောက်ရှိမယ့်ရက်ကို ကြေညာခဲ့ပြီး ထိုအဖွဲ့ရဲ့ ခရီးစဥ်အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။ WHO အဖွဲ့ဟာ မူလက ဇန်နဝါရီလ အစောပိုင်းမှာ တရုတ်သို့လာရောက်ရန် စီစဥ်ထားခဲ့ပေမဲ့ နှောင့်နှေးခဲ့ပါတယ်။

(WHO အကြီးအကဲ Tedros) (Photo: Reuters)

WHO အဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်နဲ့ ပတ်သက်ပြီး တရုတ်သိပ္ပံပညာရှင်တွေနဲ့အတူ ပူးတွဲသုတေသန လုပ်ဆောင်သွားမယ်လို့ NHC က ထုတ်ပြန်ပါတယ်။ ကာလရှည်ကြာ စောင့်ဆိုင်းနေခဲ့ရတဲ့ WHO အဖွဲ့ရဲ့ ယခုခရီးစဥ်ဟာ ကမ္ဘာတစ်ဝန်း လက်ရှိအချိန်အထိ လူဦးရေ သန်း ၉၀ ကျော်ကို ကူးစက်သွားခဲ့ပြီး လူ ၂ သန်းနီးပါး (၁,၉၄၃,၅၄၄ ဦး) သေဆုံးခဲ့တဲ့အပြင် ကမ္ဘာ့စီးပွားရေး ရပ်ဆိုင်းစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် မူလဇစ်မြစ်ကို ဖော်ထုတ်နိုင်ရန် မျှော်လင့်ထားကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း စတင်တွေ့ခဲ့ရတဲ့ အစောပိုင်း ကူးစက်မှုတွေကို တရုတ်အစိုးရက ဖုံးကွယ်ထားခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးမယ့် WHO ပညာရှင်အဖွဲ့ဟာ တရုတ်သို့ရောက်ရှိပါက သီတင်းနှစ်ပတ်ကြာ အသွားအလာကန့်သတ် နေထိုင်မှာဖြစ်ပြီး ထို့နောက်မှာတော့ ဝူဟန်မြို့သို့ သွားရောက်မယ်လို့ ခန့်မှန်းရပါတယ်။

(ဝူဟန်မြို့စွန်ရှိ ဓာတ်ခွဲခန်း) (Photo: AFP)

ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်အလယ်ပိုင်း ဟူးဘေးပြည်နယ် ဝူဟန်မြို့ရှိ တောရိုင်းတိရိစ္ဆာန်များ ရောင်းချနေတဲ့ ဈေးတစ်ခုကနေ စတင်ပျံ့နှံ့လာခဲ့ကြောင်း ယူဆထားကြပါတယ်။ အမေရိကန်အပါအဝင် အနောက်အုပ်စု နိုင်ငံအချို့ကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရှိ အရေးပါတဲ့ တရုတ်ဓာတ်ခွဲခန်းကနေ ထွက်လာခဲ့တယ်လို့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ထို့နောက် ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက်လာမှုနဲ့အတူ တင်းမာမှုတွေ ဖြစ်လာခဲ့ပြီး အထူးသဖြင့် တရုတ်နဲ့ အမေရိကန်တို့ကြား ထင်မြင်ယူဆချက်ကိုယ်စီဖြင့် အပြန်အလှန် အပြစ်တင်ကာ ဆက်ဆံရေးတင်းမာခဲ့ကြပါတယ်။

ဝူဟန်ဓာတ်ခွဲခန်းနဲ့ ကိုရိုနာဗိုင်းရပ်စ်အကြောင်း ဓာတ်ခွဲခန်းအကြီးအကဲ ဘာပြောထားလဲ?


Author


က္က