ရွေးကောက်ပွဲရလဒ်ကို အတည်ပြုရန် ကွန်ဂရက်လွှတ်တော် အစည်းအ‌ဝေးကျင်းပစဥ် ထရန့်ထောက်ခံသူတွေက ဆူပူအကြမ်းဖက်ခဲ့ကြပါတယ်။
Ko John

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သူမရဲ့ခွင်ပွန်း သမ္မတဒေါ်နယ်ထရန့်ကို ထောက်ခံသူတွေက လွှတ်တော်အဆောက်အအုံထဲသို့ ဆူပူအကြမ်းဖက် စီးနင်းဝင်ရောက်မှုဖြစ်ရပ်အပေါ် စိတ်ပျက်မိကြောင်း သမ္မတကတော် မီလာနီယာထရန့်က ယနေ့ (ဇန်နဝါရီ ၁၁ ရက်) ပြောကြားလိုက်ပါတယ်။

(ဒေါ်နယ်ထရန့်နှင့် မီလာနီယာ) (Photo: AFP)

ထရန့်လိုလားသူတွေက လွှတ်တော်အဆောက်အအုံကို ဆူပူအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ပထမဆုံး မှတ်ချက်ပြုရာမှာ မီလာနီယာက ထိုသို့ ပြောခဲ့တာဖြစ်ပါတယ်။ သို့သော် လူသေဆုံးမှုတွေဖြစ်ခဲ့တဲ့ ထိုဖြစ်ရပ်ကို အသုံးချပြီး သူမအကြောင်း အတင်းအဖျင်း အသားပေးကာ အကြောင်းမဲ့သက်သက် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ မမှန်မကန်နဲ့ အထင်အမြင်မှားစေနိုင်တဲ့ စွပ်စွဲမှုများ လုပ်ဆောင်နေသူတွေကိုတော့ သမ္မတကတော် မီလာနီယာက ဒေါသတကြီး တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရရှိမှုကို အတည်ပြုရန် ဇန်နဝါရီ ၆ ရက်နေ့က ကွန်ဂရက်လွှတ်တော် အစည်းအ‌ဝေးကျင်းပစဥ် ထရန့်ကို ထောက်ခံသူတွေက လွှတ်တော်အဆောက်အအုံသို့ ချီတက်ကာ ဆူပူအကြမ်းဖက် စီးနင်းဝင်ရောက်ခဲ့ကြပါတယ်။

(ထရန့်လိုလားသူများ လွှတ်တော်ထဲသို့ ဝင်ရောက်ခဲ့ကြစဥ်) (Photo: AP)

လွှတ်တော်အဆောက်အအုံအတွင်း ဆူပူအကြမ်းဖက်မှုကြောင့် အစည်းအဝေးကို ထိုနေ့ ညပိုင်းမှ ပြန်လည်စတင်နိုင်ခဲ့ပြီး ဇန်နဝါရီ ၇ ရက်နေ့မှာတော့ ဂျိုးဘိုင်ဒန် အနိုင်ရရှိမှုကို ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ထရန့်လိုလားသူတွေက လွှတ်တော်အဆောက်အအုံကို ဆူပူအကြမ်းဖက်ခဲ့မှုအတွင်း ရဲအရာရှိတစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ကြောင်းနဲ့ လူ ၅၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

"ဒီအချိန်က ကျွန်မတို့ နိုင်ငံနဲ့ နိုင်ငံသားတွေကို အဆင်ပြေစေဖို့ ကုစားရမှာပါ၊ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် အသုံးမချသင့်ပါဘူး၊ ဒါနဲ့ပတ်သက်ပြီး အမှားမလုပ်ပါနဲ့၊ ကျွန်မတို့နိုင်ငံရဲ့ လွှတ်တော်အဆောက်အအုံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကို ကျွန်မ လုံးဝ ရှုတ်ချပါတယ်၊ အကြမ်းဖက်မှုကို ဘယ်တော့မှ လက်ခံနိုင်စရာမရှိပါဘူး" လို့ မီလာနီယာက ပြောပါတယ်။

(အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီ) (Photo: AP)

လွှတ်တော်အဆောက်အအုံကို ၎င်းအားထောက်ခံသူတွေက ဆူပူအကြမ်းဖက်ခဲ့မှုနဲ့ ဆက်စပ်ပြီး ရာထူးသက်တမ်း ရက်ပိုင်းမျှသာ ကျန်ရှိတော့တဲ့ သမ္မတထရန့်ကို စွပ်စွဲပြစ်တင်ပြီး ရာထူးမှဖယ်ရှားရန် ဒီမိုကရက်တို့က အောက်လွှတ်တော် (House of Representative) လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။ လွှတ်တော်အဆောက်အအုံကို လူသေဆုံးမှုဖြစ်ခဲ့တဲ့ ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီးနောက် အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီက သမ္မတထရန့်ဟာ ဒီမိုကရေစီကို ခြိမ်းခြောက်သူအဖြစ် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

"ကျွန်မတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကျွန်မတို့ရဲ့ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ကျွန်မတို့ အရေးတကြီး အရေးယူဆောင်ရွက်သွားမှာပါ၊ ဘာကြောင့်လဲဆိုတော့ ဒီသမ္မတက အခြေခံဥပဒေနဲ့ ဒီမိုကရေစီ နှစ်ခုလုံးကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်တော့မှာမို့လို့ပါ" လို့ အောက်လွှတ်တော်ဥက္ကဌက ပြောပါတယ်။


Author


က္က