မက်ဒရစ်မြို့တော်မှာ လက်မ ၂၀ အထိရှိတဲ့ နှင်းထုကျရောက်ခဲ့ပါတယ်။

စပိန်နိုင်ငံမှာ မုန်တိုင်းဖီလိုမင်နာ (Storm Filomena) ကြောင့် ဆီးနှင်းများ ထူထပ်စွာကျရောက်ဖုံးလွှမ်းနေတဲ့ လမ်းမတွေကို ရှင်းလင်းရန်နဲ့ မုန်တိုင်းသက်ရောက်ခဲ့တဲ့ နေရာဒေသများသို့ COVID-19 ကာကွယ်ဆေးတွေနဲ့ အစားအစာအထောက်အပံ့များ‌ ရောက်ရှိနိုင်ရန် အချိန်လု ကြိုးပမ်းလုပ်ဆောင်နေရကြောင်း သိရပါတယ်။

(Photo: Reuters)

မုန်တိုင်းသက်ရောက်မှု အဆိုးဆုံးကြုံခဲ့ရတဲ့ မက်ဒရစ်မြို့တော်မှာ သောကြာနေနဲ့ စနေနေ့အတွင်း လက်မ ၂၀ အထိရှိတဲ့ ဆီးနှင်းထုကျရောက်ခဲ့ပါတယ်။ စပိန်မှာ ရာသီဥတု ပြင်းထန်ဆိုးရွားမှုကြောင့် လူလေးဦးထက်မနည်း သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့ ခရီးသွားတွေ သောင်တင်နေခဲ့ကြပါတယ်။



စပိန်နေရာဒေသတွေမှာ ညအပူချိန်များ အနုတ် ၈ ဒီဂရီဆဲလ်စီးယပ်သို့ ကျဆင်းခဲ့ကြောင်းနဲ့ ဆီးနှင်းတွေက အန္တရာယ်ဖြစ်စေနိုင်တဲ့ ရေခဲအဖြစ်သို့ ပြောင်းလဲသွားမှုကို မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။ စပိန်အစိုးရက ရာသီဥတုဆိုးရွားနေစဥ်အတွင်း COVID-19 ကာကွယ်ဆေး ၃၀၀,၀၀၀ ခန့်ကို ဘေးကင်းလုံခြုံစွာ ပို့ဆောင်နိုင်ရေး ရဲတပ်ဖွဲ့အစောင့်အရှောက် အပါအဝင် စီမံဆောင်ရွက်မှုများ ပုံမှန်ထက် တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။

(Photo: Reuters)

ထို့အတူ အဓိက လမ်းမကြီး ၇၀၀ အနက်မှ အချို့လမ်းမတွေမှာ နှင်းများရှင်းလင်းရန် စစ်သားများကို ဖြန့်ကျက်စေလွှတ်ထားပါကြောင်းလည်း သိရပါတယ်။ နှင်းများထူထပ်စွာကျရောက်ခဲ့တဲ့ မက်ဒရစ်မြို့သို့ ရှင်းလင်းရေးလုပ်ဆောင်ရန် တန်ချိန် ၃,၅၀၀ ရှိ ဆားတွေကို ကုန်တင်ယာဥ်များဖြင့် ယူဆောင်လာခဲ့ကြောင်း စပိန်သတင်းစာ El Mundo ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

မက်ဒရစ်မြို့ရှိ လေဆိပ်နဲ့ လမ်းအများအပြားကိုတော့ နှင်းထူထပ်စွာကျရောက်မှု အန္တရာယ်ရှိတာကြောင့် ပိတ်ထားခဲ့ပါတယ်။ ရာသီဥတုဆိုးရွားနေမှုကြောင့် မလိုအပ်ဘဲ ခရီးမသွားကြရန် စပိန်အာဏာပိုင်တွေက ပြောထားပါတယ်။ ဒေသခံမီဒီယာက ဖော်ပြမှုအရ မက်ဒရစ်မြို့မှာ ယခု နှင်းကျမှုဟာ အနည်းဆုံး နှစ်ပေါင်း ၄၀ အတွင်း အထူထပ်ဆုံးဖြစ်ကြောင်းလည်း သိရပါတယ်။

(Photo: BBC)

စပိန်ရဲ့ မိုးလေဝသဌာန AEMET ကလည်း နှင်းများထူထပ်စွာကျရောက်မှုဟာ ထူးခြားနေပြီး သမိုင်းမှတ်တမ်းဝင်လောက်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ မက်ဒရစ်မြို့ရှိ Puerta del Sol ရင်ပြင်မှာ ဆီးနှင်များထူထပ်စွာကျနေတဲ့ သဘာဝရှုခင်းနဲ့အတူ လူအများအပြားကို မြင်တွေ့ခဲ့ရပါတယ်။ ကမ္ဘာလှည့်ခရီးသည်များနဲ့ ဈေးဝယ်သူများဖြင့် အသွားအလာ စည်ကားများပြားနေလေ့ရှိတဲ့ မက်ဒရစ်မြို့ရဲ့ Gran Via လမ်းပေါ်မှာ နှင်းများဖုံးလွှမ်းနေပြီး အမျိုးသားတစ်ဦးက နှင်းလျှောစီးနေတဲ့ သတင်းဓာတ်ပုံကိုလည်း တွေ့ရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က