အစောပိုင်း ထွက်ပေါ်နေခဲ့တဲ့ ရာခိုင်နှုန်းထက်က များစွာလျော့နည်းနေပါတယ်။

ဘရာဇီးနိုင်ငံမှာ နောက်ဆုံးအဆင့် စမ်းသပ်မှုများ လုပ်ဆောင်နေခဲ့တဲ့ တရုတ်ကုမ္ပဏီ Sinovac ရဲ့ COVID-19 ကာကွယ်ဆေးဟာ ယေဘုယျထိရောက်မှု ၅၀.၄ ရာခိုင်နှုန်းဖြစ်ကြောင်း သုတေသီတွေက ဇန်နဝါရီ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

(Photo: AFP)

အဆိုပါ ထိရောက်မှုရာခိုင်နှုန်းဟာ ဆေးဝါးကွပ်ကဲရေးအာဏာပိုင်အဖွဲ့က ခွင့်ပြုချက်ပေးရန် လုံလာက်ရုံမျှသာဖြစ်ပြီး အစောပိုင်း ထွက်ပေါ်နေခဲ့တဲ့ ရာခိုင်နှုန်းထက် များစွာလျော့နည်းနေပါတယ်။ Sinovac ရဲ့ CoronaVac ကာကွယ်ဆေးစမ်းသပ်မှု နောက်ဆုံးရလဒ်တွေက ဘရာဇီးအတွက် ကြီးမားတဲ့ စိတ်ပျက်စရာ ဖြစ်လာခဲ့ပါတယ်။ တရုတ်ထုတ် CoronaVac ကာကွယ်ဆေးဟာ COVID-19 ကြောင့် သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်တဲ့ ဘရာဇီးမှာ အများပြည်သူကို ထိုးနှံပေးရန် စီစဥ်နေတဲ့ ကာကွယ်ဆေးနှစ်မျိုးအနက်မှ တစ်မျိုးဖြစ်ပါတယ်။



ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့ပြီး ပိုမိုအလားအလာကောင်းတဲ့ စမ်းသပ်မှုအချက်အလက် တစ်စိတ်တစ်ပိုင်းကလည်း တရုတ်ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေဟာ အမေရိကန်နဲ့ ဥရောပမှ ကာကွယ်ဆေးတွေကဲ့သို့ စမ်းသပ်မှုအချက်အလက်တွေကို လူသိရှင်ကြား ဆန်းစစ်လေ့လာမှု လုပ်ဆောင်ခြင်းမရှိကြောင်း ‌‌‌ဝေဖန်မှုတွေ ဖြစ်စေနိုင်ပါတယ်။

(Photo: Reuters)

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ ဘရာဇီးသုတေသီတွေက Sinovac ရဲ့ ကာကွယ်ဆေးဟာ COVID-19 ကို ၇၈ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်းနဲ့ လက်တွေ့ထိရောက်မှုရှိတဲ့ ရာခိုင်နှုန်းအဖြစ် ပြောခဲ့ကြပါတယ်။ ယခု အသစ်ထုတ်ပြန်တဲ့ ကိန်းဂဏန်းဟာ ဆေးရုံမှာ ကုသရန်မလိုအပ်ဘဲ အလွန်မပြင်းထန်ကြောင်း သတ်မှတ်ထားတဲ့ ကူးစက်ခံရသူ‌များ ပါဝင်စမ်းသပ်ခံမှုကို ထည့်သွင်းတွက်ချက်ထားတယ်လို့ ဆော်ပေါ်လိုမြို့ရှိ Butantan ဇီဝဆေးဘက်ဆိုင်ရာဌာနမှ တာဝန်ရှိသူ Ricardo Palacios က ဆိုပါတယ်။

Butantan မှ သုတေသီတွေဟာ ၎င်းတို့ရဲ့ ကာကွယ်ဆေးစမ်းသပ်မှု ရလဒ်တွေကို ထုတ်ပြန်ကြေညာရန် သုံးကြိမ်ရွေ့ဆိုင်းခဲ့ပြီး Sinovac နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ လျှို့ဝှက်ထားရန် ရေးသားဖော်ပြထားတဲ့ သတ်မှတ်ချက်ကြောင့်ဖြစ်တယ်လို့ အပြစ်ဖို့ခဲ့ပါတယ်။ ဘရာဇီးသုတေသီတွေက နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ CoronaVac ကာကွယ်ဆေး ထိရောက်မှုရာခိုင်နှုန်းနဲ့ ပတ်သက်ပြီး ကာကွယ်ဆေးထုတ်လုပ်တဲ့ တရုတ်ကုမ္ပဏီ Sinovac ကတော့ လက်ရှိအချိန်အထိ မှတ်ချက်ပေးပြောကြားခြင်း မရှိသေးပါဘူး။

(Photo: Reuters)

စမ်းသပ်မှုရလဒ်တွေအရ ထွက်ပေါ်လာတဲ့ Sinovac ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေးရဲ့ ထိရောက်မှုရာခိုင်နှုန်းဟာ မတူညီမှုတွေလည်း ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့လအတွင်း တူရကီမှ သုတေသီတွေကတော့ CoronaVac ကာကွယ်ဆေးဟာ ၉၁.၂၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း စမ်းသပ်မှုအချက်အလက် ကြားဖြတ်လေ့လာဆန်းစစ်မှုကို အခြေခံပြီး ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကလည်း ၆၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ထိုကာကွယ်ဆေးကို နောက်ဆုံးအဆင့်စမ်းသပ်မှု ကြားဖြတ်အချက်အလက်တွေအပေါ် အခြေခံပြီး ဇန်နဝါရီ ၁၁ ရက်နေ့မှာ တရားဝင်ခွင့်ပြုချက်ပေးခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။



က္က