ထရန့်ဟာ အမေရိကန်သမိုင်းတစ်လျှောက်မှာ စွပ်စွဲပြစ်တင်မှု နှစ်ကြိမ်ခံရတဲ့ ပထဆုံး သမ္မတဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်လွှတ်တော်အဆောက်အအုံမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအုံကြွစီးနင်းမှုကို လှုံ့ဆော်မှုဖြင့် သမ္မတဒေါ်နယ်ထရန့်ကို စွပ်စွဲပြစ်တင်ကြောင်း အောက်လွှတ်တော်က ဇန်နဝါရီ ၁၃ ရက်နေ့မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

(အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှု) (Photo: Reuters)

ထရန့်ဟာ အမေရိကန်သမိုင်းတစ်လျှောက်မှာ စွပ်စွဲပြစ်တင်မှု နှစ်ကြိမ်ခံရတဲ့ ပထဆုံး သမ္မတဖြစ်လာခဲ့ပါတယ်။ ဒီမိုကရက်တို့ လွှမ်းမိုးထားတဲ့ အောက်လွှတ်တော် (House of Representative) က ထရန့်ကို စွပ်စွဲပြစ်တင်ကြောင်း ထောက်ခံမဲ ၂၃၂ မဲ၊ ကန့်ကွက်မဲ ၁၉၇ မဲဖြင့် ဆုံးဖြတ်ခဲ့ပါတယ်။



အောက်လွှတ်တော်က ဆုံးဖြတ်မှုအရ ယခုအခါ ရီပတ်ဘလစ်ကင်တစ်ဦးဖြစ်တဲ့ သမ္မတထရန့်ဟာ အထက်လွှတ်တော် (Senate) မှာ ကြားနာစစ်ဆေးခံရမှာ ဖြစ်ပါတယ်။ အထက်လွှတ်တော် ကြားနာစစ်ဆေးမှုအရ ထရန့်ဟာ အမေရိကန်သမ္မတအဖြစ် ရွေးကောက်ပွဲဝင်မှုကို တားမြစ်ပိတ်ပင်ခံရနိုင်ပါတယ်။

(ထရန့်ကို စွပ်စွဲပြစ်တင်ကြောင်း စာပိုဒ်ကို ပြသစဥ်) (Photo: AP)

သို့သော် အထက်လွှတ်တော်က ကြားနာစစ်ဆေးမှုကို အချိန်မီ စီစဥ်ဆောင်ရွက်မှာမဟုတ်ရာ ရာထူးသက်တမ်း တစ်ပတ်မျှသာကျန်ရှိတော့တဲ့ သမ္မတထရန့်အနေနဲ့ သက်တမ်းမကုန်ဆုံးမီ သမ္မတအဖြစ်မှ နုတ်ထွက်ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ယမန်နှစ် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ သမ္မတထရန့်ဟာ လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ရာထူးသက်တမ်းကုန်ဆုံးပြီး အိမ်ဖြူတော်မှ ထွက်ခွာမှာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရရှိမှုကို အတည်ပြုရန် ဇန်နဝါရီ ၆ ရက်နေ့က ကွန်ဂရက်လွှတ်တော် အစည်းအ‌ဝေးကျင်းပစဥ် ထရန့်လိုလားသူတွေက လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ အကြမ်းဖက်စီးနင်းခဲ့ကြပါတယ်။ ထိုဖြစ်ရပ်အတွင်း ရဲအရာရှိတစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ပါတယ်။

(လွှတ်တော်အဆောက်အအုံထဲမှာ နေရာယူထားသည့် စစ်သားများ) (Photo: AP)

ယမန်နေ့က အဆိုပါ ဆူပူအုံကြွမှုနဲ့ ဆက်စပ်ပြီး သမ္မတထရန့်ကို စွပ်စွဲပြစ်တင်ရန် အောက်လွှတ်တော် မဲခွဲဆုံးဖြတ်မှု ပြုလုပ်ခဲ့စဥ် လက်နက်ကိုင် အစောင့်တပ်ဖွဲ့စစ်သားတွေက လွှတ်တော်အဆောက်အအုံ အတွင်းအပြင်မှာ နေရာယူစောင့်ကြပ်ထားခဲ့ပါတယ်။ ရွေးကောက်ပွဲအနိုင်ရတဲ့ ဂျိုးဘိုင်ဒန်ရဲ့ ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ ဝါရှင်တန်ဒီစီနဲ့ ပြည်နယ်မြို့တော် ၅၀ လုံးမှာ လက်နက်ကိုင် ဆန္ဒပြမှုများ ပေါ်ပေါက်လာနိုင်ကြောင်း FBI (Federal Bureau of Investigation) က သတိပေးထားပါတယ်။

ဝါရှင်တန်ဒီစီမှာ လုံခြုံရေးတိုးမြှင့် ပြင်ဆင်မှုအဖြစ် အမျိုးသားအစောင့်တပ်ဖွဲ့ကို ဝါရှင်တန်သို့ စစ်သား ၁၅,၀၀၀ စေလွှတ်ရန် ညွှန်ကြားထားပြီး ကမ္ဘာလှည့်ခရီးသည်များ ဝါရှင်တန်အထိမ်းအမှတ်ကျောက်တိုင်သို့ လာရောက်လည်ပတ်ခွင့်ကို ဇန်နဝါရီ ၂၄ ရက်အထိ ပိတ်ပင်ထားပါတယ်။

(ဇန်နဝါရီ ၁၂ ရက်နေ့က တွေ့ရသည့် သမ္မတထရန့်) (Photo: AFP)

ထိုအတောအတွင်း အောက်လွှတ်တော်က စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်တဲ့ ယမန်နေ့မှာ သမ္မတထရန့်က ၎င်းအားထောက်ခံသူတွေကို အကြမ်းမဖက်ကြဘဲ ငြိမ်းချမ်းစွာနေကြရန် တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခုကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။ ထိုဗီဒီယိုထဲမှာ ထရန့်က စွပ်စွဲပြစ်တင်ခံရမှုနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားထားခြင်း မရှိပါဘူး။ "အကြမ်းဖက်မှုနဲ့ ရမ်းကားဖျက်ဆီးမှုအတွက် ကျွန်တော်တို့ နိုင်ငံမှာ နေရာမရှိပါဘူး၊ ကျွန်တော့်ရဲ့ စစ်မှန်တဲ့ ထောက်ခံသူက နိုင်ငံရေးအကြမ်းဖက်မှုကို အားပေးလိမ့်မှာ မဟုတ်ပါဘူး" လို့ သမ္မတထရန့်က ပြောပါတယ်။

(အမေရိကန်သမ္မတသစ်ဖြစ်လာမည့် ဂျိုးဘိုင်ဒန်) (Photo: Getty Images)

ရွေးကောက်ပွဲအနိုင်ရတဲ့ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က ဇန်နဝါရီ ၂၀ ရက်နေ့မှာ လွှတ်တော်အဆောက်အအုံရှေ့ ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားနဲ့အတူ သမ္မတရာထူးကို တရားဝင် လွှဲပြောင်းရယူသွားပြီး ၄၆ ဦးမြောက် အမေရိကန်သမ္မတဖြစ်လာမှာ ဖြစ်ပါတယ်။ ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက်တိုက် ၈ နှစ်ကြာ တာဝန်ယူခဲ့ဖူးတဲ့ လက်ရှိ အသက် ၇၈ နှစ်အရွယ် ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတအဖြစ်လည်း မှတ်တမ်းဝင်မယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က