အသက်သုံးနှစ်နဲ့ ၁၇ နှစ်ကြားအရွယ်တွေအတွက် ဘေးကင်းစိတ်ချရကြောင်း တရုတ်အစိုးရသတင်းဌာနက ဆိုပါတယ်။
Ko John

တရုတ်နိုင်ငံပိုင် Sinopharm (China National Pharmaceutical Group) လုပ်ငန်းအုပ်စုရဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်တဲ့ China National Biotech Group (CNBG) က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးဟာ စမ်းသပ်မှုအချက်အလက်တွေအရ အသက်သုံးနှစ်နဲ့ ၁၇ နှစ်ကြား ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက် ဘေးကင်းစိတ်ချရကြောင်း အစိုးရသတင်းဌာနက ယနေ့ (ဇန်နဝါရီ ၁၅ ရက်) ပြောပါတယ်။

(Photo: Reuters)

"အသက်သုံးနှစ်ကနေ ငါးနှစ်အထိအရွယ် ကလေးငယ်တွေဟာ ကိုယ်ခံစွမ်းအားစနစ် ဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် ကာကွယ်ဆေးထိုးတဲ့ကာလမှာ သတိထားပြီး အနီးကပ်စောင့်ကြည့်ရဆိုတာ သတိပြုသင့်ပါတယ်" လို့ CNBG ဥက္ကဌ Yang Xiaoming က Xinhua သတင်းဌာနကို ပြောပါတယ်။ ၎င်းက နောက်ထပ် အသေးစိတ်ကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။



CNBG ထံမှာ နောက်ဆုံးအဆင့် (Phase 3) စမ်းသပ်နေတဲ့ COVID-19 ကာကွယ်ဆေးနှစ်မျိုးရှိပြီး ထိုနှစ်မျိုးလုံးကို အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးထားကြောင်းနဲ့ ကူးစက်မှုအန္တရာယ်မြင့်များတဲ့ ကန့်သတ်လူအုပ်စုတွေကို ဦးစားပေးထိုးနှံပေးနေခဲ့ကြောင်း သိရပါတယ်။ တရုတ်အာဏာပိုင်တွေက Sinovac Biotech က ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတစ်မျိုးကိုလည်း အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးခဲ့ပါတယ်။

(Photo: Reuters)

CNBG ရဲ့ ဘေဂျင်းဌာနခွဲက ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ယမန်နှစ် ဒီဇင်ဘာလအတွင်း အများပြည်သူအတွက် အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့ပြီး တရုတ်နိုင်ငံမှာ ပထမဆုံး တရားဝင်ခွင့်ပြုချက်ရ ကာကွယ်ဆေးလည်း ဖြစ်ပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ စမ်းသပ်ခဲ့ပြီး ဘေးကင်းစိတ်ချရကြောင်း တွေ့ရှိရတဲ့ ကာကွယ်ဆေးဟာ CNBG ထုတ် COVID-19 ကာကွယ်ဆေးတွေအနက်မှ မည်သည့်ကာကွယ်ဆေးဖြစ်ကြောင်းကို Yang Xiaoming က အတိအကျ ရည်ညွှန်းပြောကြားခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

Sinopharm နဲ့ CNBG တို့က ယခု ကာကွယ်ဆေးသတင်းအပေါ် လတ်တလော မှတ်ချက်မပေးသေးပါဘူး။ CNBG ရဲ့ Beijing Institute of Biological Product က ယမန်နှစ် ဒီဇင်ဘာလအတွင်း ပြောကြားခဲ့မှုအရ CNBG ကာကွယ်ဆေးဟာ COVID-19 ကို ကာကွယ်ပေးရာမှာ ၇၉.၃ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း သိရပါတယ်။ သို့သော် CNBG က ကာကွယ်ဆေးစမ်းသပ်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးကြောင်း Reuters သတင်းက ဖော်ပြပါတယ်။


Author


က္က