မိုးရွာသွန်းမှုကြောင့် ရေခဲများ အရည်ပျော်ချိန်မှာ ရေကြီးမှုများ ဖြစ်ပေါ်နိုင်တယ်လို့ ဒေသဆိုင်ရာ အစိုးရက ပြောပါတယ်။
Ko John

စပိန်နိုင်ငံမှာ မုန်တိုင်းဖီလိုမင်နာ (Storm Filomena) တိုက်ခတ်ခဲ့တဲ့ မက်ဒရစ်နဲ့ အခြား နယ်မြေတွေကို အစိုးရက ဘေးအန္တရာယ်ဇုန်များအဖြစ် ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၁၉ ရက်) မှာ ကြေညာလိုက်ပြီး အရေးပေါ် ကူညီထောက်ပံ့မှုများအတွက် စီမံဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

(Photo: AP)

မက်ဒရစ် ဒေသဆိုင်ရာအစိုးရက ဗုဒ္ဓဟူးနေ့မှာ မိုးရွာသွန်းမှုတွေကြောင့် ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။ စပိန်မိုးလေဝသဌာန AEMET ရဲ့ ခန့်မှန်းချက်အရ မိုးရွာသွန်းမှုကြောင့် ရေခဲများ အရည်ပျော်ချိန်မှာ ရေကြီးမှုများ ဖြစ်ပေါ်နိုင်တယ်လို့ ဒေသဆိုင်ရာ အစိုးရက ပြောပါတယ်။



နှင်းမုန်တိုင်းကြောင့် ဆယ်စုနှစ်များအတွင်း နှင်းများ အထူထပ်ဆုံးကျရောက်ခဲ့ပြီး စပိန်မြို့တော် မက်ဒရစ်မြို့မှာ အနည်းဆုံး ယူရို ၁.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၇၀ ဘီလီယံ) ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း မြို့တော်ဝန်ရုံးခန်းမှ ကနဦး ခန့်မှန်းချက်အရ သိရှိရပါတယ်။ သို့သော် အတိုက်အခံပါတီတွေကတော့ ထိုကိန်းဂဏန်းအပေါ် အငြင်းပွားခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: AFP)

မုန်တိုင်းတိုက်ခတ်ပြီး ရာသီဥတု ပြင်းထန်မှုအတွင်း သစ်ပင်များလဲပြိုခြင်းနဲ့ နှင်ထုများဖြစ်ပေါ်ခဲ့ပါတယ်။ ထို့နောက် နှင်းထုများဟာ အပူချိန် အလွန်အမင်းကျဆင်းပြီး အအေးလွန်ကဲမှုအတွင်း ရေခဲတုံးများဖြစ်သွားခဲ့ပြီး ကားလမ်းနဲ့ ရထားလမ်းများ ပိတ်ဆို့မှုဖြစ်ကာ မက်ဒရစ်မြို့သို့ ကုန်ပစ္စည်းများ ပို့ဆောင်နိုင်ခြင်းမရှိဘဲ စူပါမတ်ကက်တွေမှာ အရောင်းပစ္စည်းပြတ်လပ်ခဲ့ပါတယ်။

နှင်းမုန်တိုင်းတိုက်ပြီးနောက် ထောင်နဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနဲ့ စစ်သားများက နှင်းထုများကို ရေခဲဖြစ်မသွားခင် အချိန်လု ရှင်းလင်းရန်ကြိုးပမ်းခဲ့ကြပါတယ်။ ယခုအခါမှာတော့ မက်ဒရစ်မြို့မှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် အများစု ပြန်လည်စတင်နေပြီလို့ ဆိုပါတယ်။

(Photo: AFP)

သို့သော် လမ်းတွေနဲ့ ပလက်ဖောင်း အများအပြားမှာ နှင်းများကိုရှင်းလင်းရန် ကျန်ရှိနေသေးပြီး အချို့နေရာတွေမှာ အမှိုက်များ၊ ရေဆိုးများနဲ့ ရောနှောသွားပြီး မည်းညစ်တဲ့အရောင်ပြောင်းသွားခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်ပြီး နောက်ပိုင်းရက်တွေမှာ မက်ဒရစ်မြို့တွင်း အမှိုက်သိမ်းလုပ်ငန်း လုပ်ဆောင်နိုင်ရန် ရုန်းကန်နေခဲ့ရကြောင်းလည်း သိရပါတယ်။

ရာသီဥတု ဆိုးရွားပြင်းထန်မှုကြောင့် ပြီးခဲ့တဲ့သီတင်းပတ် တနင်္လာနေ့ (ဇန်နဝါရီ ၁၁ ရက်) မှစပြီး ပိတ်ထားခဲ့တဲ့ မက်ဒရစ်မြို့ရှိ စာသင်ကျောင်းတွေကို ဇန်နဝါရီ ၁၉ ရက်မှာ ပြန်ဖွင့်ရန် ခန့်မှန်းထားခဲ့တယ်လို့ ဆိုပါတယ်။ မက်ဒရစ်မြို့ရဲ့ အကြီးဆုံး ပန်းခြံနှစ်ခုဖြစ်တဲ့ El Retiro နဲ့ Casa de Campo တို့ကိုတော့ သစ်ပင်များလဲပြိုမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ၂ လကြာ ဆက်လက် ပိတ်ထားမယ်လို့ မြို့တော်ဝန် Jose Juis Martinze-Almeida က ပြောပါတယ်။

(Photo: AP)

မုန်တိုင်းကြောင့် El Retiro ပန်းခြံရှိ သစ်ပင်တွေရဲ့ ၇၀ ရာခိုင်နှုန်း ပျက်စီးခဲ့တယ်လို့ မက်ဒရစ်မြို့ တာဝန်ရှိသူတွေက ခန့်မှန်းထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ စပိန်မှာ လတ်တလော ရက်ပိုင်းအတွင်း နှင်းများထူထပ်စွာကျပြီး အလွန်အေးခဲတဲ့ ရာသီဥတု ဆိုးရွားပြင်းထန်မှုကြောင့် အနည်းဆုံး လူခုနစ်ဦး သေဆုံးခဲ့ပါတယ်။ Molina de Aragón နယ်မြေနဲ့ Teruel မြို့၊ မက်ဒရစ်မြို့အရှေ့ဘက်ရှိ တောင်းတန်းနေရာတွေမှာ ဇန်နဝါရီ ၁၁ ရက် ညပိုင်းက အပူချိန် အနုတ် ၂၅ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း စပိန်နိုင်ငံရဲ့ အအေးဆုံးညအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က