ပြင်သစ် နေရာဒေသလေးခုမှာ အပူဒဏ်အန္တရာယ် သတိပေးချက်ကို အနီရောင်အဖြစ် ထုတ်ပြန်ထားပါတယ်။

ဥရောပတစ်ဝှမ်း အပူလှိုင်းကျရောက်နေမှုနဲ့အတူ ပြင်သစ်နိုင်ငံမှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးအပူချိန်အဖြစ် ၄၅.၉ ဒီဂရီဆဲလ်စီးယပ်သို့ စံချိန်တင်ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

(Photo: AFP/Getty Images)

ပြင်သစ်ရဲ့ အမြင့်ဆုံးအပူချိန် စံချိန်သစ်ကို နိုင်ငံတောင်ပိုင်းရှိ Gallargues-le-Montueux ဒေသမှာ တိုင်းတာသိရှိခဲ့ရတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။ ယခင်က ပြင်သစ်နိုင်ငံမှာ အမြင့်ဆုံးအပူချိန်အဖြစ် ၂၀၀၃ ခုနှစ်အတွင်း ၄၄.၁ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိစံချိန်တင်ခဲ့ပါတယ်။ ထိုစဉ်က အပူဒဏ်ကြောင့် ပြင်သစ်မှာ လူဦးရေ ၁၅,၀၀၀ သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။



ပြင်သစ်မှာ အပူချိန် အလွန်မြင့်တက်နေမှုကြောင့် စာသင်ကျောင်းများ ပိတ်ထားပြီး အပူဒဏ်အန္တရာယ် ပိုမိုခံရနိုင်သူတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်ပေးနေပါတယ်။ ပြင်သစ်မိုးလေဝသဌာနက နေရာဒေသလေးခုမှာ အပူဒဏ်အန္တရာယ် သတိပေးချက်ကို အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အနီရောင်အဖြစ် သတ်မှတ်ထုတ်ပြန်ထားပါတယ်။

(Photo: AP)

အပူချိန်အမြင့်ဆုံး စံချိန်သစ်တင်မှုကို ယနေ့ (ဇွန် ၂၈ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၈ မိနစ်မှာ တိုင်းတာသိရှိခဲ့ကြောင်း ပြင်သစ်မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။ အာဖရိကမြောက်ပိုင်း ဆာဟာရသဲကန္တရာဘက်မှ လေပူများဝင်ရောက်လာမှုကြောင့် ဥရောပတစ်လွှား အပူချိန်မြင့်တက်မှုတွေ သိသာစွာ ကြုံတွေ့နေရပါတယ်။

ဂျာမနီ၊ ပြင်သစ်၊ ပိုလန်နဲ့ ချက်ရီပတ်ဘလစ် နိုင်ငံတွေမှာ ဇွန်လအတွက် အပူချိန်များ အမြင့်ဆုံး စံချိန်သစ်တင်ခဲ့ကြောင်း သိရပါတယ်။ စပိန်နိုင်ငံမှာ အပူချိန် အလွန်မြင့်တက်ရာမှ ကတ်တလိုနီးယားဒေသမှာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံး တောမီးလောင်မှုများ ဖြစ်ပွားနေပါတယ်။ ကတ်တလိုနီးယားဒေသမှာ တောမီးကြောင့် မြေဧက ၁၀,၀၀၀ လောင်ကျွမ်းခဲ့ပြီး တိရိစ္ဆာန်များ သေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။

(Photo: AFP/Getty Images)

စပိန်နိုင်ငံ နေရာဒေသ ၈ ခုမှာ အပူဒဏ်အန္တရာယ် သတိပေးချက်ကို အနီရောင်အဆင့် သတ်မှတ်ထုတ်ပြန်ထားပြီး အပူချိန်ဟာ ၄၂ ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ အီတလီနိုင်ငံမှာလည်း ကျန်းမာရေးဝန်ကြီးဌာနက မြို့ ၁၆ မြို့အတွက် အပူဒဏ်အန္တရာယ် အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ဥရောပမှာ အပူချိန်များ လွန်ကဲမြင့်တက်နေမှုကြောင့် စပိန်နိုင်ငံမှာ အပူလျှပ်မှုကြောင့် သေဆုံးသူနှစ်ဦး အပါအဝင် သေဆုံးမှုအချို့ရှိခဲ့ကြောင်း သိရပါတယ်။ လာမယ့် သုံးရက်အတွင်း ဥရောပရှိ နိုင်ငံအများအပြားမှာ အပူချိန်မြင့်တက်မှုတွေ ကြုံရနိုင်ကြောင်း မိုးလေဝသပညာရှင်တွေက သတိပေးခဲ့ကြောင်း BBC သတင်းမှာ ယမန်နေ့ (ဇွန် ၂၇ ရက်) က ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က