အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၂၇ မိုင်အထိရှိနိုင်ပါတယ်။

အိန္ဒိယမှာ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ (Cyclone Fani) ဝင်ရောက်တိုက်ခတ်နိုင်မှုအတွက် အရေးပေါ်ဌာန ဝန်ထမ်းတွေကို မေ ၁ ရက်မှာ အသင့်ချထားခဲ့ပြီး ရေတပ်ကို အသင့်အနေအထားရှိရန် အမိန့်ပေးထားကြောင်း သိရပါတယ်။

(Photo: EPA)

ဆိုင်ကလုန်းဖန်နီက အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းကို ဦးတည်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၂၇ မိုင်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဆိုင်ကလုန်းဖန်နီက အိန္ဒိယနိုင်ငံ သြရိသျှပြည်နယ်ကို သောကြာနေ့ (မေ ၃ ရက်) မှာ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။



အိန္ဒိယအာဏာပိုင်တွေက မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက် ကမ်းရိုးတန်းနေရာတွေမှာ နေထိုင်ကြတဲ့ ဒေသခံ ထောင်ပေါင်းများစွာကို ရွှေ့ပြောင်းကြရန်လည်း ညွှန်ကြားထားပါတယ်။ သြရိသျှနဲ့ အိမ်နီချင်းပြည်နယ်တွေဖြစ်တဲ့ အန်ဒရာပရာဒက်ရှ်နဲ့ တမီလ်နာဒူတို့မှာလည်း မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားကြောင်းသိရပါတယ်။

(Map: SkyMetWeather)

အိန္ဒိယ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (National Disaster Management Authority - NDMA) က ဘင်္ဂလားပင်လယ်အော် အနောက်-အလယ်ပိုင်း ပင်လယ်ပြင်အခြေအနေတွေဟာ ကြမ်းတမ်းနေကြောင်းနဲ့ ငါးဖမ်းလုပ်သားတွေအနေနဲ့ ပင်လယ်ပြင်ကို မထွက်ကြရန် အကြံပြုထားပါတယ်။

အိန္ဒိယအစိုးရက မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ပြောပါတယ်။ "ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားပြီးပါပြီ။ မီးဖိုတွေ၊ သန့်ရှင်းတဲ့သောက်ရေ၊ လျှပ်စစ်မီး၊ ကျန်းမာရေးနဲ့ မိလ္လာကိစ္စတွေ စီစဉ်ထားပြီးဖြစ်ပါတယ်" လို့ သက်ဆိုင်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(Visakhapatnam မြို့ ကောင်းကင်ယံကိုတွေ့ရစဉ်) (Photo: Reuters)

ဒေသခံမီဒီယာတွေက ပြောကြားမှုအရ လူဦးရေ တစ်သန်းဝန်းကျင် နေထိုင်နိုင်တဲ့ ခိုလှုံရေးစခန်း ၈၅၀ ကို စီစဉ်ထားကြောင်း သိရပါတယ်။ ယခု ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ ဝင်ရောက်တိုက်ခတ်မယ့် သြရိသျှပြည်နယ်မှာ ယမန်နှစ် အောက်တိုဘာလအတွင်းကလည်း ဆိုင်ကလုန်း Titli တိုက်ခတ်မှုကြောင့် လူဦးရေ ၃၀၀,၀၀၀ ခန့် ရွှေ့ပြောင်းခဲ့ရပါတယ်။ ဆိုင်ကလုန်း Titli ရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၉၃ မိုင်ရှိခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

သြရိသျှပြည်နယ်မှာ အဆိုးရွားဆုံး မုန်တိုင်းတိုက်ခတ်မှုကတော့ ၁၉၉၉ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဖြစ်ပြီး လူ ၈,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အိန္ဒိယ အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်းကို နှစ်စဉ် ဧပြီနဲ့ ဒီဇင်ဘာလအတွင်း မုန်တိုင်းများ ပုံမှန်ဝင်ရောက်တိုက်ခတ်လေ့ရှိပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းကလည်း တမီလ်နာဒူနဲ့ ကီရာလာပြည်နယ်တို့မှာ ဆိုင်ကလုန်းမုန်တိုင်း Ockhi တိုက်ခတ်မှုကြောင့် လူ ၂၅၀ နီးပါး သေဆုံးခဲ့ကြောင်း သိပါတယ်။

မြန်မာနိုင်ငံနဲ့ ဆိုင်ကလုန်းဖန်နီ

ဆိုင်ကလုန်းဖန်နီဟာ အလွန့်အလွန်အားကောင်းတဲ့ မုန်တိုင်းအဖြစ် မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယမန်နေ့ည ၁၁ နာရီအချိန် တရားဝင် Facebook စာမျက်နှာမှာ သတင်းထုတ်ပြန်ချက်အတွင်း သတ်မှတ်ဖော်ပြထားတာ တွေ့ရပါတယ်။ လက်ရှိမှာ ဆိုင်ကလုန်းဖန်နီဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိသေးတာကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံမှာလည်း ဖန်နီမုန်တိုင်းအရှိန်ကြောင့် ရန်ကုန်အပါအဝင် နေရာဒေသအများစုမှာ မေလ ၁ ရက်နေ့က မိုးရွာသွန်းမှုတွ ဖြစ်ပေါ်ခဲ့ပါတယ်။ မုန်တိုင်းရဲ့အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။

(Photo: Screen Capture for @dmhmoezalanaypyitaw/Facebook)

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၀ ပေမှ ၁၃ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုကြရန် မိုး/ဇလက ထုတ်ပြန်ထားပါတယ်။

မေလ ၁ ရက်နေ့မှ နောက်သုံးရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနသာၤရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာတော့ ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့လည်း သိရပါတယ်။

နောက်ဆက်တွဲသတင်း - အိန္ဒိယအရှေ့ဘက် ကုန်းတွင်းပိုင်းကို ဆိုင်ကလုန်းဖန်နီ ဝင်ရောက်တိုက်ခတ်နေပြီဖြစ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က