မြင်းရိုင်းအကောင်ရေ ၉၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပါတယ်။

သြစတြေးလျမှာ အပူချိန် အလွန်မြင့်တက်မှုကြောင့် ဝေးလံတဲ့ နေရာဒေသတစ်ခုအတွင်း မြင်းရိုင်းအကောင်ရေ ၉၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: Ralph Turner)

သစ်တောအရာရှိတွေက သြစတြေးလျ မြောက်ပိုင်းနယ်မြေရှိ Alice Springs မြို့ငယ်အနီး ရေခမ်းခြောက်နေတဲ့ အိုင်တစ်ခုအတွင်း သေဆုံးနေပြီးသားနဲ့ သေလုမြေပါးဖြစ်နေတဲ့ မြင်းရိုင်းအုပ်စုကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ တွေ့ခဲ့ရပါတယ်။ မြင်းရိုင်းအုပ်စုကို တွေ့ရှိရချိန်မှာ အကောင်ရေ ၄၀ ခန့်ဟာ ရေဓာတ်ခမ်းခြောက်မှုနဲ့ အစာငတ်မှုကြောင့် သေဆုံးနေပြီဖြစ်ပါတယ်။



သေလုမြောပါးဖြစ်နေတဲ့ အခြား မြင်းရိုင်းတွေကိုတော့ နောက်ပိုင်းမှာ သတ်ပစ်ခဲ့ရတယ်လို့ သိရပါတယ်။ သဲကန္တာရနဲ့ တောရိုင်းနယ်မြေတွေရှိရာ တောင်ပိုင်းသြစတြေးလျရှိ Adelaide မြို့ မြောက်ပိုင်းဒေသမှာ အပူချိန် ၄၉.၅ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

(Photo: Ralph Turner)

Adelaide မြို့မှာလည်း ကြာသပတေးနေ့ (ဇန်နဝါရီ ၂၄ ရက်) အပူချိန်ဟာ ၄၇.၇ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ပြီး ၁၉၃၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ သြစတြေးလျမှာ အလွန်အမင်း ပူပြင်းနေမှုဟာ သီတင်းနှစ်ပတ်ကြာပြီဖြစ်ပြီး နိုင်ငံတစ်ဝှမ်း အပူချိန် စံချိန်တင်မြင့်တက်မှုတွေ ဒါဇင်နဲ့ချီ ဖြစ်ခဲ့ပါတယ်။

တောင်ပိုင်းသြစတြေးလျရှိ မြို့ငယ် ၁၃ မြို့ကျော်မှာ အပူချိန် စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ အပူချိန် အလွန်မြင့်တက်နေရာမှ တောမီးလောင်မှုတွေ ဖြစ်ပွားနိုင်တာကြောင့် နေရာဒေသ ၁၃ ခုကျော်ရှိ အရေးပေါ်ဌာနတွေကို တပ်လှန့်ထားပါတယ်။

(Photo: Getty Images)

ထိုအတောအတွင်း မြင်းရိုင်းများ သေဆုံးနေတာ တွေ့ခဲ့ရတဲ့နေရာအနီးရှိ Alice Springs မြို့မှာလည်း အပူချိန်ဟာ ၄၂ ဒီဂရီဆဲလ်စီးယပ်အထိ သီတင်းနှစ်ပတ်နီးပါးကြာ မြင့်တက်နေခဲ့ပါတယ်။ ထိုအပူချိန်ဟာ အဆိုပါမြို့ရဲ့ ဇန်နဝါရီလ ပျမ်းမျှအပူချိန်ထက် ၆ ဒီဂရီဆဲလ်စီးယပ် ပိုများနေခဲ့တယ်လို့ သြစတြေးလျ မိုးလေဝသဌာနက ပြောပါတယ်။

(Photo: Ralph Turner)

သြစတြေးလျမှာ အပူချိန် အလွန်မြင့်တက်မှုကို အခြား တောရိုင်းတိရိစ္ဆာန်တွေလည်း ခံစားနေခဲ့ရကြောင်းနဲ့ New South Wales မှာ လင်းနို့များ အစုလိုက်အပြုံလိုက် သေဆုံးမှုသတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ပူးပြင်းခြောက်သွေ့မှု ကြုံတွေ့နေရတဲ့ နေရာဒေသအတွင်း မြစ်ကမ်းပါးများတစ်လျှောက်မှာ အကောင်ရေ တစ်သန်းအထိရှိနိုင်တဲ့ ငါးများသေဆုံးနေတာလည်း တွေ့ခဲ့ရတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

(Photo: thewest.com.au)

သြစတြေးလျးအစိုးရက ငါးများသေဆုံးမှုကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ တောင်ပိုင်းသြစတြေးလျမှာ ၂၄ နာရီအတွင်း လူ ၄၄ ဦးကို အပူဒဏ်ခံစားရမှုကြောင့် ကုသမှုပြုလုပ်ပေးခဲ့ရကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

အပူချိန်မြင့်တက်နေမှုကြောင့် နေအိမ်အတွင်းမှာသာ နေထိုင်ကြရန်နဲ့ ကိုယ်လက်လှုပ်ရှားမှုလျှော့ချရန် အာဏာပိုင်တွေက ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။ သက်ကြီးရွယ်အိုများ၊ နာတာရှည် ရောဂါဝေဒနာခံစားနေရသူများနဲ့ ကလေးငယ်တွေကို အပူဒဏ်အန္တရာယ်မှ အထူးသတိထားကြရန်လည်း သတိပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က