လက်ရှိအချိန်အထိ Monkeypox အတွက် သတ်မှတ်ထားတဲ့ကုထုံးနဲ့ ကာကွယ်ဆေးမရှိသေးပါဘူး။ မျောက်ကျောက်ရောဂါ

စင်ကာပူနိုင်ငံမှာ ရေကျောက်နဲ့ဆင်တူတဲ့ မျောက်ကျောက်ရောဂါ (Monkeypox) ကူးစက်ခံရသူ ပထမဆုံးအကြိမ် တွေ့ရှိရကြောင်း အတည်ပြုထားတယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။ Monkeypox ဟာ ရှားပါးရောဂါတစ်မျိုးဖြစ်ပြီး တိရိစ္ဆာန်မှလူသို့ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားကြောင်းနဲ့ အာဖရိက အလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာ အဓိက ဖြစ်ပွားလေ့ရှိပါတယ်။

(Photo: CDC Public Health Image Library)

လက်ရှိအချိန်အထိ Monkeypox ရောဂါအတွက် သတ်မှတ်ထားတဲ့ကုထုံးနဲ့ ကာကွယ်ဆေးမရှိသေးပါဘူး။ Monkeypox ဗိုင်းရပ်စ်အကြောင်း သိထားသင့်တဲ့အချက်အချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။



ဘယ်လို ကူးစက်ပျံ့နှံ့တာလဲ? ကူးစက်ပျံ့နှံ့မှုကို စိုးရိမ်ရလား?

Monkeypox ဟာ ရှားပါးရောဂါတစ်မျိုးဖြစ်ပြီး တိရိစ္ဆာန်မှလူသို့ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားကြောင်းနဲ့ အာဖရိက အလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာ အဓိက ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ရှဉ့်၊ ကြွက်နဲ့ မျောက်ကဲ့သို့တိစ္ဆာန်တွေနဲ့ အနီးကပ် ထိတွေ့ခဲ့တဲ့ လူတွေကို ကူးစက်တတ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ အဆိုအရ Monkeypox ဗိုင်းရပ်စ်ရှိနေတဲ့ တိရိစ္ဆာန်တွေရဲ့ သွေး၊ ခန္ဓာကိုယ်တွင်းထွက်အရည်များ သို့မဟုတ် ပြတ်ရှဒဏ်ရာများနဲ့ အနီးကပ် ထိတွေ့သူတွေကို ကူးစက်ပါတယ်။ ဒါ့အပြင် ကောင်းစွာကျက်အောင် ချက်ပြုမထားတဲ့ ဗိုင်းရပ်စ်ကူးစက်ခံ တိရိစ္ဆာန်တွေရဲ့အသားကို စားခြင်းဖြင့်လည်း ကူးစက်နိုင်ပါတယ်။

(Infographic: CNA)

သို့သော် Monkeypox ဗိုင်းရပ်စ်ဟာ လူအချင်းချင်းကြား အလွယ်တကူ ကူးစက်ပျံ့နှံ့ခြင်း မရှိဘူးလို့ဆိုပါတယ်။ Monkeypox ဗိုင်းရပ်စ် ကူးစက်ခံထားရသူရဲ့ တံတွေး၊ ချွဲသလိပ်ကဲ့သို့ ခန္ဓာကိုယ်တွင်းထွက်အရည်များ၊ ဗိုင်းရပ်စ်ကူးစက်ခံထားရသူရဲ့ အရေပြားပြတ်ရှဒဏ်ရာများ သို့မဟုတ် ဗိုင်းရပ်စ်ကူးစက်ခံထားသူရဲ့ ခန္ဓာကိုယ်တွင်းထွက်အရည်များ လတ်တလော ပေကျံထားတဲ့ပစ္စည်းတွေနဲ့ အနီးကပ် ထိတွေ့ခဲ့မိသူတွေကို ကူးစက်နိုင်တယ်လို့ သိရပါတယ်။ အချိန်ကြာရှည်စွာ မျက်နှာချင်းဆိုင် စကားပြောဆိုမှုကနေလည်း ကူးစက်နိုင်ပါတယ်။ လူမှလူသို့ ကူးစက်ပျံ့နှံ့ခြင်းက လူထုကြားမှာ ဗိုင်းရပ်စ်ကူးစက်မှုကို ပိုမိုဖြစ်စေကြောင်း လတ်တလော အထောက်အထားမတွေ့ရဘူးလို့ WHO က ပြောထားပါတယ်။

ရောဂါလက္ခဏာတွေက?

Monkeypox ရောဂါလက္ခဏာတွေမှာ ဖျားခြင်း၊ ကြွက်သား နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေကြည်ဖုများထွက်ခြင်း၊ နောက်ကျောနာခြင်း၊ အရေပြားပေါ်မှာ အဖုအပိမ့် အနီကွက်ထခြင်းနဲ့ အားအင်ကုန်ခမ်းခြင်းတို့ ဖြစ်ပါတယ်။ Monkeypox ကြောင့် အဆုတ်ရောင်ရောဂါကဲ့သို့ ပြင်းထန်တဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်ပွားနိုင်ပြီး အချို့ရောဂါဖြစ်စဉ်တွေမှာ သေဆုံးတဲ့အထိပင် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဖျားနာပြီးနောက် တစ်ရက်မှ သုံးရက်အတွင်း ခန္ဓာကိုယ်မှာ အဖုအပိမ့် အနီကွက်များပေါ်လာပါတယ်။

(Photo: Public Health Image Library)

မျက်နှာမှစပြီး အဖုအပိမ့် အနီကွက်တွေ ပေါ်လာလေ့ရှိပြီး ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာလည်း ပေါ်လာပါတယ်။ အများအားဖြင့် လက်နဲ့ ခြေဖဝါးမှာ အဖုအပိမ့်တွေ ပေါ်လာတယ်လို့သိရပါတယ်။ Monkeypox ကြောင့် အဆုတ်ရောင်ခြင်း၊ ကိုယ်တွင်းအင်္ဂါများ ချို့ယွင်းခြင်း၊ ဦးနှောက်ရောင်ခြင်းနဲ့ အမြင်အာရုံးဆုံးရှုံးခြင်းကဲ့သို့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ရောဂါတွေဖြစ်နိုင်ပါတယ်။ Monkeypox ရောဂါလက္ခဏာတွေဟာ ပုံမှန်အားဖြင့် ၁၄ ရက်မှ ၂၁ ရက်ကြာ ဖြစ်ပေါ်လေ့ရှိပါတယ်။

ဘယ်လောက် အန္တရာယ်ရှိလဲ?

Monkeypox ကြောင့် သေဆုံးမှုအများစုဟာ အသက်ငယ်သူတွေမှာ ဖြစ်လေ့ရှိတယ်လို့ WHO က ပြောပါတယ်။ Monkeypox ရောဂါဖြစ်ပွားစဉ် သေဆုံးမှုနှုန်းဟာ ၁၀ ဦးမှာ ၁ ဦးဖြစ်ပါတယ်။

Mokeypox ကူးစက်ခံရကြောင်း ဘယ်လို သိရမလဲ? ဘယ်လို ကုသနိုင်လဲ?

Monkeypox ကူးစက်ခံရကြောင်းကို အထူးပြု ဓာတ်ခွဲခန်းတွေမှာ မတူညီတဲ့ စမ်းသပ်မှုအများအပြားနဲ့သာ စစ်ဆေးသိရှိနိုင်တယ်လို့ WHO က ပြောပါတယ်။ လက်ရှိမှာ Monkeypox အတွက် သတ်မှတ်ထားတဲ့ ကုထုံး သို့မဟုတ် ကာကွယ်ဆေးမရှိသေးပါဘူး။ သို့သော် ရေကျောက်ကာကွယ်ဆေးကတော့ Monkeypox ကို ၈၅ ရာခိုင်နှုန်း ကာကွယ်နိုင်တာတွေ့ရတယ်လို့ ဆိုပါတယ်။

(Photo: Daily Express)

ဘယ်နိုင်ငံတွေမှာ Monkeypox ဖြစ်ပွားခဲ့သလဲ?

လူတွေမှာ Monkeypox ရောဂါဖြစ်ပွားမှုကို ၁၉၇၀ ပြည့်နှစ်က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ပထမဆုံး တွေ့ရှိခဲ့ရပြီး အပူပိုင်း မိုးသစ်တောများအနီး အာဖရိက အလယ်ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ Monkeypox ဖြစ်ပွားမှု အဓိက တွေ့ရှိရတယ်လို့ WHO က ပြောပါတယ်။

အာဖရိက အပြင်ဘက်မှာ Monkeypox ဗိုင်းရပ်စ် လူကိုကူးစက်မှုကိုတော့ ပထမဆုံးအကြိမ်အဖြစ် ၂၀၀၃ ခုနှစ်က အမေရိကန်နိုင်ငံ ပြည်နယ်ငါးခုမှာ တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန (US Centers for Disease Conrol - CDC) ရဲ့ မှတ်တမ်းတွေအရ Monkeypox ဗိုင်းရပ်စ်ကူးစက်ခံရမှု ၃၇ ခုကို အတည်ပြုနိုင်ခဲ့ကြောင်း သိရပါတယ်။ ထိုစဉ်က အမေရိကန်မှာ Monkeypox ကူးစက်မှုဟာ ဂါနာနိုင်ငံမှ တက္ကဆက်ပြည်နယ်သို့ တိရိစ္ဆာန်များတင်ပို့မှုမှတစ်ဆင့် ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်းမှာလည်း အာဖရိကပြင်ပ Monkeypox ဗိုင်းရပ်စ်ကူးစက်မှုအဖြစ် ဗြိတိန်နိုင်ငံမှာ ကူးစက်မှုသုံးခုနဲ့ အစ္စရေးမှာ ကူးစက်မှုတစ်ခု ရှိခဲ့ဖူးကြောင်း အမေရိကန် CDC စာရင်းအရ သိရှိရပါတယ်။ ယခုနောက်ဆုံး အာဖရိကပြင်ပမှာ ကူးစက်မှုအဖြစ် စင်ကာပူနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ နိုင်ဂျီးရီးယားအမျိုးသားတစ်ဦးထံမှာ Monkeypox ဗိုင်းရပ်စ်တွေ့ရှိရမှု ဖြစ်လာပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က